⚽မတို့ရေ မင်းတို့ရပ်ကွက်ကိုလည်း လာကြည့်ဦး…

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၃ ဦးထက်မနည်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၈၃ ဦးသည် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက်လာသည်ဟု နယူးဒေလီမြို့အခြေစိုက် United News of India သတင်းဌာနက ယမန်နေ့ (ဒီဇင်ဘာ ၂၉) ည ၁၀ နာရီခန့်တွင် ရေးသားသည်။

၎င်းတို့သည် မီဇိုရမ်ပြည်နယ် တောင်ဘက်စွန်းတွင် ရှိသည့် လောင်တလိုင်းခရိုင်၊ တွီဆဲန်းတလန်ရွာထဲသို့ လက်နက်များနှင့်အတူ ဝင်ရောက်လာခြင်းဖြစ်ကြောင်း အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဖြစ်သော အာသံရိုင်ဖယ်တပ်၏ အရာရှိတစ်ဦးက United News of India သတင်းဌာနကို အတည်ပြုသည်ဟု ဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇီုရမ်ပြည်နယ်ထဲ ယမန်နေ့ (ဒီဇင်ဘာ ၂၉) တွင် ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – The Chin Post)

မြန်မာစစ်တပ် တပ်ဖွဲ့ဝင် ၈၃ ဦးသည် ၎င်းတို့၏ စခန်းမှ တိမ်းရှောင်လာကာ အပြည်ပြည်ဆိုင်ရာ နယ်စပ်မှတ်တိုင် ၂ နှင့် ၄ တို့ကို ကျော်ဖြတ်၍ တွီဆဲန်းတလန်ရွာသို့ ရောက်လာကြသည်ဟု ဖော်ပြထားပြီး မြန်မာစစ်သားများ နောက်ထပ်ရောက်လာဖွယ်ရှိသည်ဟုလည်း United News of India သတင်းဌာနက ခန့်မှန်းသည်။

ထိုလက်နက်ချမြန်မာစစ်သားများကို လောင်တလိုင်းခရိုင်ရဲတပ်ဖွဲ့က ပါဝကျေးရွာရှိ အာသံရိုင်ဖယ်တပ်ဖွဲ့ထံ အပ်နှံလိုက်ပြီး မြန်မာနိုင်ငံထဲ ပြန်လည်ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီး မဏိပူရပြည်နယ်၊ မိုရေးမြို့ဆီသို့ ယခင်အကြိမ်များကဲ့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ကာ မြန်မာစစ်တပ်အာဏာပိုင်များထံ ပြန်လည်အပ်နှံမည်ဟု ဆိုသည်။

မြန်မာစစ်သားများ စခန်းစွန့်ထွက်ပြေးကာ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်သွားသည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ၄ ကြိမ်ရှိပြီဖြစ်သည်။ နိုဝင်ဘာ ၁၃ တွင် ပထမအကြိမ်၊ နိုဝင်ဘာ ၁၆ တွင် ဒုတိယအကြိမ်၊ နိုဝင်ဘာ ၂၉ တွင် တတိယအကြိမ်၊ ယမန်နေ့ ဒီဇင်ဘာ ၂၉ တွင် စတုတ္ထအကြိမ် မီဇိုရမ်ပြည်ထဲ ဝင်ရောက်သွားခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇီုရမ်ပြည်နယ်ထဲ ယမန်နေ့ (ဒီဇင်ဘာ ၂၉) တွင် ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – The Chin Post)

အိန္ဒိ-မြန်မာနယ်စပ် မည်သည့်နေရာတွင် အခြေစိုက်သည့်တပ်စခန်းကို စွန့်၍ ထွက်ပြေးလာသည်ကို United News of India သတင်းဌာနက ဖော်ပြခြင်းမရှိပေ။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ဒေသတွင်းမီဒီယာများကမူ ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပွိုင့် (၃၇၇) စစ်ဆင်ရေးခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်စဉ် စခန်းစွန့်ထွက်ပြေးသွားသူများဖြစ်သည်ဟု ဖော်ပြထားကြသည်။

အိန္ဒိယနယ်စပ်အနီး၊ ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီတပ်၏ ပွိုင့် (၃၇၇) စစ်ဆင်ရေးခြေကုပ်စခန်းကုန်းကို ဒီဇင်ဘာ ၂၈ နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဒီဇင်ဘာ ၂၉) ညတွင် သတင်းထုတ်ပြန်သည်။

AA ၏ ထုတ်ပြန်ချက်တွင် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းလျက်ရှိသည်ဟုဆိုပြီး လက်နက်ချအညံ့ခံသူတိုင်းကို အသက်ချမ်းသာခွင့်၊ မိသားစုဆွေမျိုးများနှင့် တွေ့ဆုံခွင့်များအတွက် အာမခံသည်ဟု ဆိုသည်။

ပွိုင့် (၃၇၇) စစ်ဆင်ရေးခြေကုပ်စခန်းကုန်းကို စွန့်ခွာသွားသူများဖြစ်မည်ဆိုလျှင် မြေပြင်အကွာအဝေးအရ ၆.၆၃ ကီလိုမီတာ၊ မိုင်အားဖြင့် ၄ မိုင်ကျော်ကို ခြေကျင်ခရီးနှင်ပြီး မီဇိုရမ်ပြည်နယ်ထဲ ရောက်ရှိသွားကြခြင်းဖြစ်သည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပွိုင့် (၃၇၇) စစ်ဆင်ရေးခြေကုပ်စခန်းကုန်းကို စွန့်ခွာသွားသူများဖြစ်မည်ဆိုလျှင် မြေပြင်အကွာအဝေးအရ ၆.၆၃ ကီလိုမီတာ၊ မိုင်အားဖြင့် ၄ မိုင်ကျော်ကို ခြေကျင်ခရီးနှင်ပြီး မီဇိုရမ်ပြည်နယ်ထဲ ရောက်ရှိသွာကြခြင်းဖြစ်သည်။

တပ်ဖွဲ့ဝင်များ အိန္ဒိယနိုင်ငံထဲ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့မရှိပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *