တရုတ်-မြန်မာ နယ်စပ်လောက်ကိုင်မှာ ဖြစ်ပွားနေတဲ့ မြန်မာဖက်က တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသားတွေ ထိခိုက် သေကြေနေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း တရုတ်က သတိပေးစကား ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ညီနောင် မဟာမိတ် သုံးဖွဲ့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေပြီး အဲဒီ ပဋိပက္ခနဲ့ ဆက်စပ်လို့ တရုတ်နိုင်ငံသားတွေ ထိခိုက် သေကြေတာတွေ ဖြစ်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်က ဆိုပါတယ်။
“လက်နက်ကိုင်ပဋိပက္ခကြောင့် တရုတ်နိုင်ငံသားသေဆုံးမှုများအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါတယ်။ သက်ဆိုင်
ရာအဖွဲ့အစည်းတွေထံ ပြင်းထန်တဲ့သဘောထား ကြေညာချက် ပေးပို့ပြီးဖြစ်ပါတယ်” လို့ဒီဇင်ဘာ ၂၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က ထည့်သွင်းပြောဆိုတာဖြစ်ပါတယ်။
မော်က တရုတ်အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခတွေကို အလေးအနက် စောင့်ကြည့်နေကြောင်းနဲ့ တရုတ်နိုင်ငံသားတွေ သေဆုံးမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။ နောက်ပြီး နှစ်ဖက်စလုံးကို အပစ်အခတ် ချက်ချင်း ရပ်စဲဖို့၊ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူ ကာကွယ်ပေးဖို့၊ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ထိခိုက် အန္တရာယ် ပေးလာနိုင်တဲ့ ဖြစ်ရပ်တွေကနေ ရှောင်လွှဲနိုင်စေဖို့ ထပ်လောင်း တောင်းဆိုကြောင်းလည်း အဲဒီအမျိုးသမီးက ဆိုပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံလူမှုကွန်ယက်တွေပျံ့နှံ့နေတဲ့ သတင်းအချို့အရ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံကိုထိမှန်ခဲ့ပြီး တရုတ်နိုင်ငံသားတွေသေဆုံးခဲ့တဲ့အတွက် တရုတ်အစိုးရက အပြင်းအထန်
ကန့်ကွက်ထားတယ်လို့ ဖော်ပြပါတယ် ။အဲဒီသတင်းအပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါဘူး။
တရုတ်အစိုးရကသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တဲ့အဲဒီဖြစ်စဥ်အပေါ် အသေးစိပ်ပြောကြားခဲ့တာမရှိပါဘူး။
ဒါအပြင် အရင်အပါတ်က တရုတ်ရဲ့ စီစဥ်ပေးမှုနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ဒုတိယအကြိမ် တွေ့ဆုံဆွေနွေးပွဲ မအောင်မြင်ခဲ့တဲ့အပေါ်မှာလည်းတရုတ်က စိတ်ပျက်နေတယ်လို့ လည်းသိရပါတယ် ။
“ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့လက်ရှိလုံခြုံရေးအခြေအနေမှာ ပြင်းထန်ရှုပ်ထွေးပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနဟာ တရုတ်နိုင်ငံသားများ ရှမ်းပြည်မြောက်ပိိုင်းကို ခရီးသွားလာခြင်းမပြုဖို့ သတိပေးထားပြီး အဲဒီဒေသရှိ တရုတ်နိုင်ငံသားများအနေနဲ့ ဘေးကင်းရေးကြိုတင်လုပ်ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်” လို့လည်းမော် က ဆက်ပြောပါတယ်။
အစောပိုင်းတုန်းက တရုတ် အစိုးရဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ရေး ပဋိပက္ခတွေ ပြေငြိမ်းပြီး အပစ်အခတ် ရပ်စဲစေဖို့ ကြားဝင် စေ့စပ်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် မြေပြင် အခြေအနေတွေနဲ့တော့ ကွာဟနေပါတယ်။ မော်ရဲ့ အခုနောက်ဆုံး ထုတ်ပြန်ချက်က တရုတ်ဟာ သူတို့ ကြားဝင် ညှိနှိုင်းပေးမှု မအောင်မြင်ကြောင်း ကိုယ်တိုင် ဝန်ခံရသလို ဖြစ်လာပါတယ်။
တရုတ်အစိုးရရဲ့ပြောကြားချက်နဲ့ ပတ်သပ်လို့ MNDAA ရဲ့သဘောထားကိုမေးမြန်းဖို့ ပြောခွင့်ရပုဂ္ဂိုလ်ကို ဒီကနေ့(ဒီဇင်ဘာ ၃၁ )မနက်ဆက်သွယ်ပေမယ့်ဆက်သွယ်လို့
မရသေးပါဘူး။
MNDAA ကလည်းလောက်ကိုင်မြို့မှာ တိုက်ပွဲတွေအချိန်မရွေးပြင်းထန်လာနိုင်တဲ့အတွက် အရပ်သားတွေနဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းရာကို အမြန်ဆုံးတိမ်းရှောင်ကြဖို့ ဒီဇင်ဘာ ၃၀ ရက်မှာသတိပေးထားပါတယ်။
အခုအခါလောက်ကိုင်မြို့မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းငယ်သာကျန်ရှိတော့တဲ့အခြေအနေကြောင့် အာဏာသိမ်းစစ်တပ်ဟာ လောင်ကိုင်မြို့ လက်နက်ကြီးနဲ့သာမက လေကြောင်းကနေလည်း နေ့စဥ် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ အဆင်ခြင်မဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေနဲ့ တရုတ်နိုင်ငံသားအချို့ သေဆုံးဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်နေတာလို့ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက လောက်ကိုင်မြို့ကိုသိမ်းဖို့အတွက် စစ်ကောင်စီရဲ့ ဒကစ နဲ့ စစ်စခန်းအနည်းငယ် ကျန်နိုင်သေးတယ်လို့ ဒီဇင်ဘာ ၃၀ ရက် ညနေမှာ People’s Spring ကိုပြောပါတယ် ။
(တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်။ဓါတ်ပုံ- EPA/EFE)
Leave a Reply