“ပါးစပ်ထဲက ကူးတို့ခကိုတောင် ဆွဲထုတ်ချင်နေကြတယ်”-စစ်သားမိသားစုဝင်တစ်ဦး

တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် စစ်သားများ၏သတင်းကို ကျန်ရစ်သူ မိသားစုဝင်များထံသို့မပေးသော်လည်း စစ်​ကောင်စီု လစာပေးချေမှုကိုမူ ချက်ချင်းရပ်ဆိုင်းလိုက်ကြောင်း တပ်မိသားစုဝင်တစ်ဦးက ရင်ဖွင့်သည်။

” တပ်ထဲမှာ အဲ့ကိစ္စက တော်တော် ပွက်လောရိုက်နေတာ။ ရှေ့တန်းမှာ ကျတယ်ကြားတယ်။ PDF က ဖုန်းဆက်လာတာနော်။ အဲ့ဒါကို မေးတော့ ဘာမှမပြောဘူး။

ဒါပေမယ့် လစာကိုကျ မပေးတော့ဘူး” ဟု ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုမှ တပ်မိသားစုဝင်တစ်ဦးကပြောသည်။

အထက်ပါ သတင်းပေးသူသည် တပ်ကြပ်အဆင့်ရှိ အကိုတစ်ဦး စစ်ကိုင်းတိုင်း တိုက်ပွဲ၌ သေဆုံးသည်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖုန်းဆက်ပြောမှ သိရခြင်းဟုဆိုသည်။

” အကို့ဖုန်းကို PDFက ရသွားပြီး ဖုန်းထဲကနံပတ်ကတဆင့် လှမ်းပြောပြတာ” ဟု ၎င်းကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် တိုက်ပွဲများအတွင်း သေဆုံးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ တွေ့ရှိသည့် ဖုန်းမှတဆင့် မိသားစုဝင်များထံ ဖုန်းဆက်လေ့ရှိကြသည်။

ယင်းမာပင်မြို့နယ်မှ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF) စစ်ကြောင်းမှူးကလည်း တိုက်ပွဲများတွင်​သေ​သောစစ်သားများထံမှ ဖုန်းရလျင် PDF များကဖုန်းဆက်၍ စစ်သား​သေသွားသည်ကို ​ပြောပြ​လေ့ရှိ​ကြောင်း​ပြောသည်။

” ယင်းမာပင် သစ်ကွင်းတိုက်ပွဲမှာ သေတဲ့ စစ်သားဆီကရတဲ့ ဖုန်းကနေ ကျွန်တော် ဖုန်းဆက်ပြောတာ။ မိသားစုနဲ့တိုက်ရိုက်မရဘူး။ ‌သူတို့ ငွေလွှဲနေကြ ဈေးဆိုင်နဲ့ ရတာ။ သေပြီပြောတာတောင် မယုံကြဘူး”

နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲများ၌ သေဆုံးမှုများနေသော်လည်း တပ်မိသားစုဝင်များအား ချက်ချင်းအသိမပေးဘဲ သတင်းထိန်ချန်ထားသည်ဟု စစ်တပ်နှင့်နီးစပ်သည့်သတင်းရင်းမြစ်များကပြောသည်။

ထို အခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဖုံးကွယ်ထားသည့် ဖြစ်ရပ်တစ်ခု မကြာသေးမီက ပေါ်ပေါက်ခဲ့သည် ။

ရှမ်းပြည်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ၏ စကခ (၁၂) မှ တပ်မမှူးအောင်ဇော်လင်းကို ကိုးကန့်ဒေသမြောက်ပိုင်း စစ်ဆင်ရေးတွင် ရှင်းလင်းနိုင်ခဲ့သည်ဟု ကိုးကန့်တပ်မတော် MNDAA က ဒီဇင်ဘာလဆန်းတွင် ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ငြင်းဆိုခဲ့သည်။

MNDAA က ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၈ ရက်တွင် “စစ်ဆင်ရေးတာဝန်ထမ်း ဆောင်နေတဲ့ တပ်မမှူးတစ်ယောက်ကို အသေရရှိတယ်ဆိုပြီးသတင်းလွှင့်နေ တာရှိပါတယ်။

သူတို့ ပြောနေတဲ့ တပ်မမှူးဆိုတာသည် ရှေ့တန်းမှာစစ်ဆင်ရေးတာဝန်များကိုထမ်း ဆောင်လျက်ရှိကြောင်းပြောကြားလိုပါတယ်” ဟု ပြောဆိုခဲ့သည်။

ထိုသို့ ငြင်းဆိုပြီး နာရီပိုင်းအကြာတွင် အောင်ဇော်လင်း၏ ရုပ်အလောင်းကို ပြန်ပို့လိုကြောင်း MNDAAက ​အောင်​ဇော်လင်း၏ လက်​မောင်းတံဆိပ်၊အ​ဆောင်အ​ယောင်အချို့ ပုံနှင့်ပါ ထုတ်ပြန်​ပေးလိုက်သည်။

MNDAA ပြောရေးဆိုခွင့်ရှိသူက“မိမိတို့ဘက်မှအောင်ဇော်လင်း၏အလောင်းကိုစကစထံပြန်ပို့သောဆန္ဒရှိပါသည်။ လက်ရှိသက်ဆိုင်ရာဌာနနှင့်ဆက်သွယ်သော်လည်းအကြောင်းပြန်ခြင်းမရှိသေးပါ“

သတင်းဌာနအချို့က မူ ​​အောင်​ဇော်လင်း၏ရုပ်အ​လောင်းပုံကို​ဖော်ပြခဲ့သည်။ထို​နောင် စစ်​ကောင်စီ ​ပြောခွင့်ရက စကခ (၁၂) မှ တပ်မမှူးအ​ကြောင်းထပ်မ​ပြော​တော့​ပေ။

ထိုကဲ့သို့လိမ်လည်ဖုံးကွယ်ခဲ့သည့်စစ်ကောင်စီလုပ်ရပ်ကို တပ်အသိုင်းအဝိုင်းကဘာဝေဖန်ခဲ့ကြသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်က နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်မင်းမင်းထွန်းကို TNLA က ဖမ်းမိထားကြောင်းသတင်းများ ထွက်ပေါ်နေသော်လည်း စစ်ကောင်ဆီကငြင်းဆန်နေဆဲပြန်သည်။

TNLA ကို​မေးမြန်း၍ ဗိုလ်မှူးချုပ်မင်းမင်းထွန်း ကိုဖမ်းဆီးခံထားရသည်မှာ ဟုတ်​ကြောင်းအတည်ပြု​ရေးသားထားသည်။

လက်ရှိကာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်၌ ၁၀၂၇ စစ်ဆင်ရေးအပြင် ကရင်နီ၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်းတို့၌ စစ်ကောင်စီ တိုက်ခိုက်ခံနေရပြီး​နေစဥ် သေဆုံးမှုများပြားနေသည်။

တိုက်ပွဲ၌သေဆုံးသူများ၏ သတင်းများအား တပ်ရင်းတာဝန်ရှိသူများက ဖုန်းကွယ်ထားပြီး လစာငွေကို ဖြတ်တောက်ယူဆောင်နေကြောင်းလည်းသတင်းများထွက်ပေါ်နေသည်။

“ပါးစပ်ထဲက ကူးတို့ခကိုတောင် ဆွဲထုတ်ချင်နေကြတယ်” ဟု တပ်မိသားစုဝင် လူငယ်တဦးကရင်ဖွင့်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *