အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးသမားအင်အားစုမှ ကြေညာချက်တစ်စောင် ထုတ်ပြန်

အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးသမားများအင်အားစုမှ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ထပ်တူရှိကြောင်း ကြေညာချက်တစ်စောင်အား ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယနေ့ကျရောက်သော ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့သည် ရွှေရည်စိမ်လွတ်လပ်ရေးပင် ဖြစ်သည့်အတွက် စစ်အာဏာရှင်ကို တော်လှန်နေသည့် အဖွဲ့အစည်းများနှင့်ထပ်တူ ဆက်လက်ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အား နိုင်ကျဉ်းမိသားစုဝင်တစ်ဦးထံမှတစ်ဆင့် အင်းစိန်ထောင်အတွင်းမှ လျှို့ဝှက်ခက်ခဲစွာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

” ဒီလိုထုတ်နိုင်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့တော့မဖြစ်ဘူး အထဲမှာက ဒါမျိုးအသံထွက်သွားရင်ပိုပြီး တင်းကြပ်တာခံရတယ် ဘယ်သူဘယ်ဝါဆိုလို့ကတော့ တိုက်ပိတ်နှိက်စက်ခံရတာပဲ အထဲကလူက အများကြီးပေးဆပ်မှ အပြင်ကိုနဲနဲပဲ အသံထွက်နိုင်တာ ဒီလိုနေရာကနေ ဒီလို statement ထုတ်နိုင်တာ အကြီးမားဆုံးကြိုးစားအားထုတ်မှုတွေထဲကတစ်ခုပါပဲ ထောင်ထဲဆိုတာ လူကိုတင်အကျဉ်းချတာမဟုတ်ပဲ စိတ်ကိုပါရနိုင်သမျှအကျဉ်းချထားတာပါ ဒီလိုရဲရဲဝံ့ဝံ့လုပ်နိုင်ခဲ့တဲ့အတွက် လေးစားဦးညွတ်ပါတယ်” ဟု မအူပင်ထောင်နှင့်မြောင်းမြထောင်တွင်ကျခံခဲရသော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးမှပြောသည်။

ထို့အပြင် အင်းစိန်ထောင်အတွင်း ထောင်ဖောက်ပြီးဝင်စီးမယ် သတင်းရသည်ဟုဆိုကာ နိုင်ကျဉ်းအချို့အား တိုက်ပိတ်ထားခဲ့ပြီး ၆ လက်မဒေါက်ဖြင့် ခတ်ကာ ထားရှိကြောင်း တိုက်ထဲရောက်သည့်အခါတွင်လည်း ရိုက်နှက်ကြကြောင်း သိရှိရပြီး ၎င်း ၆ လက်မဒေါက်ဖြင့် လချီနေထိုင်ခိုင်းသဖြင့် နေရသွားရ အဆင်မပြေမှုများနှင့် ဒုက္ခိတသဖွယ် နေရကြောင်း သိရှိရသည်။

” လက်ရှိလွတ်လပ်ရေးက အစစ်အမှန်မဟုတ်ဖူးလို့ ထင်တယ် အင်္ဂလိပ်ကျွန်ဘဝကလွတ်ပြီး စစ်ကျွန်ပြန်ဖြစ်နေတာပဲ အဲဒီကြေညာချက်ကို ကြိုဆိုပါတယ်။ဒီလို စာထုတ်နိုင်ဖို့က အင်းစိန်လိုမျိုးမှာဆိုရင် ပိုခက်တယ်၊ ဘောပင်တစ်ချောင်းရဖို့တောင် မလွယ်ဖူး၊ အပြင်ရောက်ဖို့ဆိုတာ အဆင့်ဆင့်အမျိုးမျိုး ကြိုးစားရတာ၊ တကယ်လို့ သတင်းပေါက်ကြားသွားမယ်ဆိုရင် အသေးဆုံး အပြစ်ပေးခံရတာက မိန်းဂျေလ်းမှာ အရင်ဆုံးအရိုက်ခံရ အနှိပ်စက်ခံရမှာပေါ့ ၊နောက်ပီး တိုက်ပိတ်မယ်၊ ၆လက်မထောက်ခြေထောက်မှာ ခတ်မယ်၊ နောက်မူဖွင့်ခံရမယ်၊ ဒီလိုစာအပြင်ရောက်ဖို့ ရဲဘော်တွေ အများကြီးရင်းရလို့ စာအပြင်ရောက်တာ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် အဖွဲ့ဝင်တစ်ဦးမှပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ စစ်အာဏာသိမ်းပြီးချိန်မှ ယမန်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၁၉၉၃၀ ဦး ရှိခဲ့ပြီး ၎င်းတို့အနက်မှ ၈၄၅၇ ဦးအား အမိန့်ချမှတ်ခံထားရကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *