စစ်ခေါင်းဆောင်က လူရွှင်တော် ၁၀ ဦးကို လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ပေး

စစ်ခေါင်းဆောင်က ဟာသ လူရွှင်တော် ၁၀ ဦးကို လူမှုထူးချွန်တံဆိပ် ( တတိယအဆင့်) ပေးအပ်ကြောင်း ယနေ့ လွတ်လပ်နေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

လူရွှင်တော်များဖြစ်သော ဦးမိုးဒီ (ခ) ဦးသန်းထွန်း၊ ဦးမန်းကျော် (ခ) ဦးကြည်မောင်၊ ဦးငြိမ်းချမ်း (ခ) ဦးလှကြိုင်၊ ဦးဥဩ(ဟင်္သာတ) (ခ) ဦးအုန်းသန်း၊ ဦးစံမိုး (ခ) ဦးစံရင်၊ ဦးရွှေဂဲ (ခ) ဦးစိန်းသောင်း၊ ဦးဖိုးဆောင်း၊ ဦးဥဩ (ရန်ကုန်) (ခ) ဦးအေးသောင်း၊ ဦးပေါ်လေး (ခ) ဦးမြင့်အေး၊ ဦးနေကျော် (ခ) ဦးတင်ဟန် တို့ကို လူမှုထူးချွန်တံဆိပ် ( တတိယအဆင့်) ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူရွှင်တော်များသည် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး ( ဗဟို) တွင်ပါဝင်သူများပါဝင်ပြီး စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာတွင် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း စစ်ကောင်စီ၏ ၀ါဒဖြန့် သတင်းစာများမှတဆင့် ကြေညာချက်များ ထုတ်ပြန်လေ့ရှိသည်။

လူမှုထူးချွန်ဆုပေးရာတွင် အချက် ၁၂ ချက်ဖြင့်ကိုက်ညီရမည်ဖြစ်ပြီး ဒီမိုကရေ စီနိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတွင် လူမှုရေးဦးတည်ချက်များနှင့် အညီစံပြု ထိုက်ခြင်း၊ တိုင်းရင်းသား အချင်းချင်းစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီခြင်းတို့ပါဝင်သည်။

ထို့ပြင် မိမိကိုယ်ကျိုးထက်နိုင်ငံအကျိုးကို အလေးအနက်ဦးပေးဆောင်ရွက်ခြင်းအပါ အဝင် လူမှုရေးအလှူငွေများလှူဒါန်းခြင်း၊ ကိုယ့်ကျင့်တရားကောင်းမွန်ခြင်းနှင့် နိုင်ငံတော် နှင့် နိုင်ငံသားအများအပေါ် သစ္စာရှိသူဖြစ်ရမည်ဖြစ်ကြောင်း ဂုဏ်ထူး ဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ နည်းဥပဒေများတွင် ပြဌာန်းထားသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ ( တော်လှန်ရေးနေ့) တွင်လည်း စစ်ကောင်စီက အစိုးရဝန်ထမ်းများအပါအဝင် စာပေ၊ ဂီတနှင့် ရုပ်ရှင်အနုပညာနယ်ပယ်မှ လူပုဂ္ဂိုလ်တို့ကို အလင်္ကာကျော်စွာဘွဲ့နှင့် လူမှုထူးချွန်ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *