ရန်ကုန်နယ်နမိတ်ထဲ ရောက်လာပြီဆိုက တည်းက မိခင်ရဲ့လက်တစ်စုံနဲ့ ထွေးပွေ့ခံရတဲ့ ကလေးငယ်ပမာ ရင်ထဲနွေးထွေးမှုကို ခံစားရတယ်။
ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကျည်လည်ခဲ့ဖူးတဲ့ မြို့ရန်ကုန်ဟာ ကျနော့်အဖို့ ဒုတိယအိမ်ဆိုလည်း မမှားပေဘူး။ သို့ပေမဲ့ စစ်အုပ်စု အာ ဏာသိမ်းပြီး လပိုင်းအကြာမှာပဲ မြို့ရန်ကုန်နဲ့ ခွဲခဲ့ရတယ်။
ခုဆို ရန်ကုန်မြေကို ခြေမချဖြစ်တာ ၃ နှစ်နီးပါးရှိရော့မယ်။ အဲ… ဒီကနေ့မှာတော့ ရန်ကုန်မြို့ထဲ လွတ်လွတ်လပ်လပ် သွားကြည့်မယ်လို့ စိတ်ဆုံးဖြတ်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ ဇန်နဝါရီ ၄ ရက်ဟာ မြန်မာ့ လွတ်လပ်ရေးနေ့မဟုတ်လား။
အမှန်တော့ ဒီအခြေအနေမှာ ဘယ်လိုမှ မလွတ်လပ်နိုင်ဘူးဆိုတာ သိနှင့်ပြီးသားပါ။ ဒါပေမဲ့ ဟိုးအရင်က လွတ်လပ်ရေးနေ့တွေလို ရန်ကုန်မြို့ကို လျှောက်ပတ်ကြည့်ချင်မိတယ်။
ဘာလို့ဆို လွတ်လပ်ရေးနေ့ဆိုတဲ့အတိုင်း လူထုရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်ရန်ကုန်ဟာ တကယ်ကို လွတ်လွတ်လပ်လပ်ရှိခဲ့တာကြောင့်ပါ။ အထူးသဖြင့် ရန်ကုန်သူ၊ ရန်ကုန်သားတွေ၊ သူတို့ရဲ့ ကလေးငယ်တွေပေါ့။
အရင်က ဒီလိုနေ့မျိုးဆိုရင် ရပ်ကွက်ထဲဝင်လိုက်တာနဲ့ “ခေတ္တ လမ်းပိတ်ထားပါတယ်”၊ “ပျော်ပွဲရွှင်ပွဲရှိ၍ လမ်းလွှဲမှ မောင်းနှင်ပါရန်”စတဲ့ ဆိုင်း ဘုတ်တွေကို လမ်းထိပ်တော်တော်များများမှာ တွေ့ရလေ့ရှိတယ်။ ပြီးရင် ဒီကနေ့ ဘယ်နှစ်နာရီမှာတော့ဖြင့် လွတ်လပ် ရေးနေ့အထိမ်း အမှတ် စတုဒိသာကြွေးပါမယ်လို့ ကြေညာထားတဲ့ ဝိုက်ဘုတ်တွေလည်း တွေ့ရပါသေးတယ်။
ခုရော အရင်အတိုင်းပဲလားဆိုတာ ကျနော်သိချင်နေမိတယ်။ ဒါကြောင့် ရန်ကုန်မြို့ရဲ့ မြို့ နယ်လေးငါးခုလောက်ကို လှည့်ပတ်ကြည့်ဖြစ်တယ်။ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ လသာ၊ လမ်းမတော်၊ အင်းစိန်၊ ကမာရွတ် စသဖြင့် မြို့နယ်တွေ လျှောက်သွားပစ်လိုက်တယ်။
သွားဆို မနက်ထဲက စိတ်ကူးမိရာ ပတ်သွားလိုက်တာ ညနေစောင်းတဲ့ အထိပဲ။ ဟောဗျာ…မြို့နယ်တွေ၊ ရပ်ကွက်တွေ၊ လမ်းတွေ တော်တော်များများ လျှောက်ကြည့်ခဲ့ပေမယ့် ဘာပျော်ပွဲရွှင်ပွဲမှ မတွေ့ရဘူး။
ဒါနဲ့ ကမာရွတ်ရောက်တဲ့အခါ ရပ်ကွက်ထိပ်က ဆိုက္ကားဆရာကို မေးကြည့်ဖြစ်တယ်။ “ရပ် ကွက်ထဲ ကလေးတွေ ပျော်ပွဲရွှင်ပွဲလုပ်လို့ လမ်းပိတ်ထားတာတွေ ရှိလားဗျ”ဆိုတော့ “တစ်လမ်းမှ မပိတ်ဘူး အစ်ကိုလေး၊ အကုန်ရှင်းလို့”တဲ့။ ဆိုက္ကားပေါ်တက်ထိုင်ပြီး ရပ် ကွက်ထဲသူနဲ့အတူ လှည့်ကြည့်တော့ ပြောတဲ့အတိုင်းမှန်နေတယ်။
လွတ်လပ်ရေးနေ့ကို အကြောင်းပြုပြီး က လေးတွေရော လူကြီးတွေပါ လမ်းပေါ်ထွက် ပျော်ပွဲရွှင်ပွဲလုပ်နေတာ မတွေ့ရဘူး။ ရပ် ကွက်တွေထဲ သီချင်းသံ၊ စောင်းဘောက်စ်သံ၊ ဝီစီမှုတ်သံ၊ လော်သံတွေပါ ဆိတ်သုဥ်းနေတယ်။
အဲ… အင်းစိန်ဘက်ရောက်တော့ ညနေ ၃ နာရီလောက်ရှိရော့မယ်။ ပန်းခြံမရောက်ခင် ဗဟိုလမ်းပေါ်၊ အင်းစိန်ဘူတာရှေ့နားဆိုင်ခန်းတ ချို့ရှေ့မှာ ကလေးတွေက တစ်ဖွဲ့၊ လူကြီးတွေ ကတစ်ဖွဲ့ အားကစားနည်းတချို့နဲ့ ပြိုင်ပွဲလုပ်နေတာ တွေရတယ်။ သို့သော် ဟိုးအရင်နှစ်တွေကလို စည်စည်ကားကားမဟုတ်ဘူး။ လူ နည်းစုသာပါပြီး ခြောက်ကပ်ကပ်ကြီး။
ဒါကိုပဲ တက္ကစီဆရာတစ်ဦးက ခုလို မှတ်ချက်ပေးတယ်။ “ခုခေတ်ကလေးတွေ သနားစရာပါဗျာ။ လွတ်လပ်ရေးနေ့မှာတောင် လွတ် လွတ်လပ်လပ် မပျော်ရရှာဘူး”
အမှန်ဆို တက္ကစီဆရာကြီးရဲ့ စကားဟာ ဒီက နေ့အခြေအနေမှာ လွန်တယ်မထင်ဘူး။ ကျနော်ကိုယ်တိုင်လည်း ခါတိုင်းလို လွတ်လပ် ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေ ရှိလေမလားဆိုပြီး မြို့နယ်တွေ၊ ရပ်ကွက်တွေ လျှောက်ပတ်ကြည့်ပေမယ့် မတွေ့ခဲ့ရဘူး။
ဒီတော့ အဲဒီလို လှည့်လည်သွားလာရင်း ရင်း နှီးတဲ့ မိတ်ဆွေမိသားစုတချို့ထံ စပ်စုကြည့်မိတယ်။ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီကနေ့မှာ ကလေးတွေကို ရပ်ကွက်ထဲလွှတ်ပြီး ပေးမဆော့ဘူးလားလို့။ အဲဒီတင် သူတို့က ခေတ် ကာလမကောင်းရတဲ့အထဲ လူစုစု စုစုထဲ လွှတ်ရမှာ စိတ်မချပါဘူးတဲ့လေ။ ပြီးတော့ ဘာလွတ်လပ်မှုမှမရှိဘဲ လွတ်လပ်ရေးပွဲလုပ်ရအောင် သူတို့ အဲဒီလောက် အသိဥာဏ်မ နည်းဘူးတဲ့။
သူတို့ပြောတာလည်း ဟုတ်နေတာပဲလို့ ကျနော် တွေးမိတယ်။ ဘာကြောင့်လည်း ဆိုတော့ သာမန်အရပ်ထဲက ပြည်သူတွေမဆိုထားနဲ့ ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ သိမ်းယူထားတဲ့သူတွေတောင် သူတို့ရုံးဌာန
အ များစုမှာ လွတ်သဘင်ပွဲတွေ မကျင်းပနိုင်တဲ့ဟာပဲ။ ပြောရရင် အောက်ခြေရုံးဌာနတွေဟာ ပွဲနေပါအုံး သူတို့ကိုယ်သူတို့ မလုံခြုံလို့တောင် အကာအရံတွေနဲ့ ခြံခပ်ထားရတာ မြင်မကောင်းဘူး။
အထူးသဖြင့် မြန်မာ့နိုင်ငံရေးရဲ့ ဘူမိနက်သန်လို့ ဆိုနိုင်တဲ့ မြို့ရန်ကုန်လိုနေရာမျိုးမှာ ပိုးဆိုးတော့ မပေါ့။ မယုံနားစွင့်ကြည့်။ မနက်ဖြန် သတင်းတွေမှာ လွတ်လပ်ရေးနဲ့ညက ဘယ်နားအုံးသတဲ့၊ ဘယ်နား မြေတောင်တုန်သတဲ့ဆိုတဲ့သတင်းတွေ ကြားရပါလိမ့်မယ်။
ဘယ်ခေတ်နေနေ၊ ဘယ်အခြေအနေရောက်ရောက် ရန်ကုန်ဟာ ရန်ကုန်ပါပဲ။ ။
(မလွတ်လပ်တဲ့ လွတ်လပ်နေရေးနေ့ ရန်ကုန်မြို့လယ်မြင်ကွင်း ။ဓါတ်ပုံ-People’s Spring )
Leave a Reply