မန္တလေးမြို့ရဲ့နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီပြန်ဖွင့်ခွင့်ပေး

အာဏာသိမ်းမှုကို ဖီဆန်တဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေကိုအလုပ်ခန့်ထားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပိတ်ခိုင်းထားတဲ့ မန္တလေးမြို့ရှိ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီက ပြန်ဖွင့်ခွင့်ပေးလိုက်ပါတယ်။

တစ်နှစ်ကျော်ကြာ ပိတ်ခံရတဲ့ မြို့တော် ၊ကံ့ကော်နဲ့ မင်္ဂလာဆေးရုံ တွေကို ပြန်ဖွင့်ခွင့်ပေးလိုက်တာပါ။အဲဒီ ဆေးရုံ ၃ ရုံ လုံးပြန်လည်လည်ပတ်နေပြီဆိုတာကို ဆေးရုံဘက်က လည်း အသိပေးကြပါတယ်။

မြို့တော်ဆေးရုံ နဲ့ ကံကော်ဆေးရုံတို့ဟာ ဇန်နဝါရီလ ၁၈ ရက်မှာ ပြန်လည်ဖွင့်လှစ်ပြီလို့အသိပေးထားပြီး မင်္ဂလာဆေးရုံက တော့ ဇန်နဝါရီလ ၁၃ ရက်မှာ စဖွင့်နေပြီလို့ ဆေးရုံရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာတွေကနေ အသိပေးထားတာတွေ့ရပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက စစ်ကောင်စီဟာ မန္တလေးမြို့ရှိ နာမည်ကြီးပုဂ္ဂလိက ဆေးရုံတွေဖြစ်တဲ့ ကံကော်၊ နန်းတော် ၊မြို့တော် ၊ ထက်နေလင်း၊ စိန်ပန်းနဲ့ မင်္ဂလာဆေးရုံတွေကို လိုင်စင်သိမ်းတာ ၊ ယာယီပိတ်ပစ်တာတွေလုပ်ခဲ့ပါတယ်။

အဲဒီဆေးရုံတွေ ဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ခန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖိအားပေး ခဲ့တာပါ။

မန္တလေးမှာ ပုဂ္ဂလိကဆေးရုံတွေအပြင် ဆေးခန်းတွေကိုပါ ချိတ်ပိတ်၊ ဆေးခန်းပိုင်ရှင် ဆရာဝန်တွေကို နှစ်ရှည်ထောင်ဒဏ်ချတာတွေ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက လုပ်ပြထားပါတယ်။

ရန်ကုန်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကတင် မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ပင်လုံ ပုဂ္ဂလိက ဆေးရုံကို လာမယ့် ဖေဖော်ဝါရီလ ကစတင်ပြီး ၂ လကြာ ပိတ်ခိုင်းထားတယ်လို့ ဆေးရုံဘက်ကနေသိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *