သာဂရမင်းသား

(နန်းမတော်စုဖုရားလတ် ငယ်ရွယ်စဥ်က စိတ်ကစားခဲ့ဖူးသူ)

သာဂရမင်းသားငယ် ၏ ရုပ်ရည်ခန့်ညားမှုနဲ့ပတ်သတ် ၍ နန်းတော်အနောက်ဆောင်ရှိ မိန်းမပျိုများအကြား ၌ ရေပန်းစားခဲ့လေသည်။ အရာရာကိုကိုယ်တွေ့မျက်မြင် ဖြစ်မှသာယုံကြည်လေ့ရှိသည့် အပြင် အမျိုးသားတဦးပမာ မည်သည်ကိုမျှ မထိတ်မလန့် မကြောက်မရွံ့ဖြင့် လုပ်ရဲကိုင်ရဲပြောရဲဆိုရဲသော အလယ်နန်းတော်မိဖုရား၏ သမီးတော် အရှင်ထိပ်စုဖုရားလတ်ထံ ထိုသတင်းစကား ရောက်ရှိသွားခဲ့လေသည်။

ဤတွင် အရှင်ထိပ်စုဖုရားလတ် မင်းသမီးငယ်သည် ထို သတင်းကိုအတည်ပြုဖို့အတွက် သူမကိုယ်တိုင် သာဂရမင်းသားငယ်၏ ရုပ်ရည်ချောမောခန့်ညားမှုကို ကြည့်ရှုရန် လုလင်ပျိုတဦးအသွင် ဟန်ဆောင်ပြီး နန်းတော်အပြင်ဘက် ရှိ ပြင်အိမ်တော်စံမင်းသားကြီးများရှိရာ သစ်တပ်ဝင်းဆီသို့ ထွက်ခွာခဲ့ဖူးလေသည်။

ထိုအချိန်က သာဂရမင်းသားငယ်သည် ပြင်အိမ်တော်စံဘဝတွင် အရွယ်ရောက်ပြီးသော မင်းသားတို့ သဘာဝ အတိုင်း ထားရှိမြဲဖြစ်သည့် ကိုယ်လုပ်တော်များထားရှိနေပြီဖြစ်လေသည်။ ထိုအကြောင်း သတင်းစကား ကိုကြားမိချိန်မှစ၍ အရှင်ထိပ်စုဖုရားလတ်၏ သာဂရကိုယ်တော်အပေါ် စိတ်ကစားမှုတို့သည် အပြီးပိုင်ရပ်တန့်သွားခဲ့လေသည်။

ဒီနေရာ၌ အရှင် ထိပ်စုဖုရားလတ်၏ စိတ်ဓာတ်သဘောမှာ ဆန်းကြယ်နေသည်ဟုဆိုရချေမည်။ သူကဲ့သို့ ဘုရင့်သမီးတော် မင်းသမီးများသည် မိမိတို့ ၏ အပျိုစင်ပန်းကို အညှိုးနွမ်းမခံပဲ အစဥ်စောင့်ရှောက်နေရသော်လည်း မိမိတို့နှင့် လက်ဆက်ကြမည့် မင်းယောက်ျားမင်းသား များမှာတော့ သူတို့ ၏ လူပျိုရည်ကို အခြားသောမိန်းမတို့နှင့် ဦးစွာပျော်ပါးကုန်ဆုံးကြလေသည် ဖြစ်ရာ ဤဖြစ်ရပ် ကို ထိပ်စုဖုရားလတ်မင်းသမီး အနေဖြင့် လွန်စွာမှ စက်ဆုပ်ခဲ့ဟန်ပေါ်လေသည်။

ထို့ကြောင့်ပင် ပြင်အိမ်တော်စံဘဝသို့ရောက်သော်လည်း ကိုယ်လုပ်တော်အပျော်မယားတို့ တဦးတလေမျှမရှိခဲ့သူ သီပေါမင်းသားငယ်ကိုသာ သူမ၏ဖူးစာဖက်အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပေမည်။

တချိန်သောအခါက အရှင်ထိပ်စုဖုရားလတ်၏ စိတ်ဘဝင်ကို ဖမ်းစားနိုင်ခဲ့ဖူးသည်ဖြစ်သော သာဂရမင်းသားငယ်ကို ၁၂၁၉ခုနှစ်တွင် ထီးလှိုင်မိဖုရားကြီးမှ မွေးဖွားခဲ့ပြီး သားတော်မွေးဖွားစဥ် အောက်အိမ်တော် မီးတွင်းအတွင်း၌ပင် မယ်တော်ထီးလှိုင်မိဖုရားကြီးမှာ ကံကုန်ခဲ့ရလေသည်။

ထီးလှိုင်မိဖုရားကြီးသည် လောင်းရှည်ဝန်ကြီး “သတိုးမင်းကြီးမဟာစည်သူ” ဘွဲ့ခံ ဦးမောင်ကလေး၏ သမီးတော်ဖြစ်ပြီး မင်းတုန်းမင်းကြီး၏ မှန်နန်းဆောင်၌ မှန်နန်းအပျိုတော်ကြီးအဖြစ် အမှုတော်ထမ်းရွက်ခိုက် ရုပ်ရည်ချောမောခဲ့သည့်အတွက် မင်းတြားကြီးသဘောကျကာ မိဖုရားကြီးအဖြစ် သိမ်းပိုက်ခဲ့ခြင်းဖြစ်လေသည်။

ရတနာပုံခေတ် ၌
လောင်းရှည်ဝန်ကြီး၏ အမျိုးအနွယ်များသည် နှာတန်အလွန်လှပခဲ့သူများဖြစ်ကြောင်း ပြောစမတ်တွင်ခဲ့လေသည်။ ထို့ကြောင့် မှန်နန်းအပျိုတော် ဘဝမှ မိဖုရားကြီးဘဝရောက်ခဲ့ရသော ထီးလှိုင် မိဖုရားကြီးမှာ နှာတန်ပေါ်လွင်ကာဖြင့် ရုပ်ရည်ရူပကာမှာ လွန်စွာချောမောခဲ့မည် မှာ သိသာထင်ရှားပေသည်။ မယ်တော်မိဖုရားကြီးနည်းတူ တဦးတည်းသော သားတော် သာဂရမင်းသားသည်လည်း နှာတန်ပေါ်လွင်ကာဖြင့် ရုပ်ရည်တည်ကြည့်ခန့်ညား ချောမောခဲ့မည်မှာ အမှန်ဖြစ်ပေလိမ့်မည်။

သာဂရမင်းသား၏ မယ်တော်ဘက်မှ တော်စပ်သော နှမဝမ်းကွဲ(ဦးရီးတော်၏သမီး) လောင်းရှည်ခင်ခင်ကြီးသည် သီပေါဘုရင်လက်ထက်တွင် အနောက်ဆောင်၌ အပျိုတော်အဖြစ်အမှုတော်ထမ်းရွက်ခဲ့ဖူးလေရာ ထိုအချိန်က လောင်းရှည်ခင်ခင်ကြီး မှာ နှာတန်ပေါ်၍ အင်မတန်လှပကြောင်း နာမည်ကြီးခဲ့ဖူးသည်။

ဤသို့ဖြင့် သာဂရမင်းသားငယ်သည် ဘုရင့်သားတော်တပါးဖြစ်ခဲ့သော်လည်း ငယ်ရွယ်စဥ်ကတည်းကပင် မိတဆိုးဘဝ ဖြတ်သန်းခဲ့ရလေသည်။

မင်းသားငယ် အရွယ်ရောက်သောအခါတွင် ဖခင်မင်းတုန်းဘုရင်ကြီးမှ သာဂရမင်းသားအမှုးပြုသော
မင်းသားလေးပါးအား ဒေါက်တာမတ်၏ သံတဲကျောင်းတွင် ခေတ်မီအင်္ဂလိပ် စာပေများ သင်ကြားစေခဲ့လေသည်။

မင်းသားငယ်သည် ရှင်သက်၊ ရှင်သန့် အမည်ရှိသော အဆောင်ရ ကိုယ်လုပ်တော်ကြီး နှစ်ပါးထားရှိခဲ့ပြီး ထိုကိုယ်လုပ်တော်ကြီးများနဲ့ သားတော်လေးပါး၊ သမီးတော်တပါး ထွန်းကားခဲ့လေသည်။

၁၂၄၀ ခုနှစ် သာဂရမင်းသားငယ် အသက်၂၁နှစ် အရွယ်တွင် ခမည်းတော်မင်းတုန်းဘုရင်ကြီးကံကုန်ခဲ့ခြင်းနဲ့အတူ သာဂရမင်းသားငယ်သည်လည်း တပါးသောမင်းသားကြီးများ နည်းတူ ကြေးတိုက်တော် ၌ အဖမ်းဆီးခံခဲ့ရလေသည်။

ဤသို့ဖမ်းဆီးခံရခြင်းနဲ့အတူ သက်တော်၂၁နှစ်အရွယ်ရှိ သာဂရမင်းသားငယ် ခမျာ အချုပ်အနှောင် ကြေးတိုက်ထောင် မှ မလွတ်မြောက်နိုင်ခဲ့ဘဲ ဖမ်းဆီးခံရပြီး ၃-၄ လအကြာတွင် လက်သုံးတော်ကြီးများ၏ လက်ချက်ဖြင့် ကွပ်မျက်ခံရပြီး ဇီဝိန်ကြွေခဲ့ရလေသည်။

ဤနေရာ၌ မင်းသားငယ်၏ ဘိုးတော် ဖြစ်သော လောင်းရှည်ဝန်ကြီး တယောက်မှာ ထိုအချိန်က သက်ရှိထင်ရှားရှိနေခဲ့သည်ဖြစ်သော်လည်း မြေးတော်လေး၏ အသက်အန္တရာယ် ကို မကာကွယ်နိုင်ခဲ့သည်မှာ ယူကျုံးမရဖြစ်ရဖွယ်ပင်ဖြစ်ချေသည်။

သာဂရမင်သားငယ်ကို ကွပ်မျက်စဥ်အချိန်၌ သာဂရမင်းသား၏ ဦးခေါင်းမပါတော့သည့် ခန္ဓာကိုယ်သည် ကြောက်လန့်တကြားဖြင့် လက်သုံးတော်ကြီး တဦး၏ ကိုယ်ကို အတင်းဖမ်းဆုပ်ထား၍ မနည်းပင် ခွာယူခဲ့ရသည်ဟုလည်း ကောလဟာလဆန်ဆန် ကြားသိခဲ့ရဖူးရာ ဥပစ္ဆေဒက ကံဖြင့် ငယ်ရွယ်စဥ်နဲ့ကံကုန်ခဲ့ရသောမင်းသားငယ်အပေါ် အထူးဂရုဏာသက်မိရပါသည်။

ငယ်ရွယ်စဥ်မီးတွင်းထဲမှာပင် မိတဆိုးဘဝနဲ့ဖြတ်သန်းခဲ့ရသော သာဂရမင်းသားငယ်၏ဘဝသည် ရုပ်ရည်ချောမောခန့်ညားခဲ့ရသလောက် ဘိုးတော်ကြီး၏ကယ်မမှုကိုမရရှိခဲ့ဘဲ ကံနည်းရှာခဲ့ရပြီး ရက်စက်စွာဘဝနိဂုံးချုပ်ခဲ့ရလေတော့သည်။

(ထည့်သွင်းထားသောပုံမှာ ဒေါက်တာမတ်၏ သံတဲကျောင်းသို့လာရောက် စာသင်ကြားကြသော မင်းသားလေးပါးဖြစ်ပြီး ထိုမင်းသားတို့တွင် အသက် ၁၁နှစ်အရွယ် သာဂရကိုယ်တော်ပါဝင်ခဲ့သည်)

ကိုးကား
ရတနာပုံနိဒါန်းနိဂုံး
ဒဂုန်ခင်ခင်လေး

ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး တတိယတွဲ
ဦးမောင်မောင်တင်


Comments

Leave a Reply

Your email address will not be published. Required fields are marked *