စစ်ခေါင်းဆောင်က တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံး ငြိမ်၀ပ်ပိပြားစေရန်အတွက် ဥဩငှက် ၁၄ ကောင်လွှတ်ပြီး ရှမ်းမြောက်ကိုပြန်ရရန် မျောက်သုံးကောင် ဇောက်ထိုးဆွဲ ယတြာချေ

စစ်ခေါင်းဆောင်က တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံး ဆူပူထကြွမှုမရှိဘဲ ငြိမ်၀ပ်ပိပြားနေစေရန်ရည်ရွယ်၍ ဥဩငှက် ၁၄ ကောင်ကိုလွှတ်ပြီး ယတြာချေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီးဖြစ်သူတို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ် ဌာနချုပ်ကို သွားရောက်စဉ် အဆိုပါယတြာများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုသိမ်လေတပ်မှ ဗိုလ်မှူးတစ်ဦးက စစ်ခေါင်းဆောင်နှင့်အဖွဲ့ မလာရောက်ခင် တစ်ရက်ကြိုတင်၍ ငှက်ဖမ်းသမားများကို ဥဩငှက်များဖမ်းပေးရန်နှင့် ကျသင့်သည့်ငွေ‌ ရှင်းပေးမည်ဟုဆိုကာ ခိုင်းစေခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“အဲဒီနေ့က အရာရှိတစ်ဦးကို ငှက်ရှာထားဖို့ ညွှန်ကြားထားတာ။ ငှက်ဆိုတော့ ယတြာမှာ စာကလေးလောက် ထင်တာ။ ဥဩငှက်တွေကြီးပဲ ၁၄ ကောင် ရှာဖမ်းပေးရတယ်” ဟု ပုသိမ်မြို့ရှိ တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပုသိမ်မြို့ လေဆိပ်အစည်းအဝေးအပြီးတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံး ငြိမ်၀ပ်ပိပြားပြီး အေးချမ်းသာယာလှပစေရန် အတွက် ဟုဆိုကာ အဆိုပါဥဩငှက် ၁၄ ကောင်ကို လွှတ်ပေး‌သည့် ယတြာပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရှမ်းမြောက်ကို ပြန်လည်ရရှိပြီး မဟာမိတ်သုံးဖွဲ့ကို အောင်နိုင်ရန်အတွက် မျောက်သားပေါက်သုံးကောင်ကို လေထဲတွင် ကြိုးဖြင့်ဇောက်ထိုးဆွဲ၍ တစ်နာရီခန့်ထားပြီး ယတြာချေခဲ့ကြောင်း သိရသည်။
ဧရာ၀တီတိုင်းသို့ စစ်ခေါင်းဆောင် သွားရောက်သည့်ကိစ္စသည်လည်း ဧရာ၀တီတိုင်းသည် စစ်ကောင်စီက စိုးမိုးထားနိုင်ပြီး တော်လှန်ရေးလှုပ်ရှားမှုများ နည်းပါးသည့်နယ်မြေ ဖြစ်သည့်အတွက် သွားရောက်ခြင်းဖြစ်ပြီး အခြားသူများစဉ်းစား၍မရနိုင်သည့် ယတြာချေမှု သုံးခုထက်မနည်းပြုလုပ်သွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ထို့အပြင် မဘသအဖွဲ့၀င်များ နှင့် တပ်ထောက်ခံသူများထံက ထွက်ပေါ်လာသည့်အတိုင်း ဒုတိယဗိုလ်ချုပ်ကြီးစိုး၀င်းကို နေရာပြောင်းပေးသည့် ဓာတ်ရိုက်ဓာတ်ဆင်ပြုလုပ်၍ ၎င်း၏ရုံးခန်းနေရာကို ရွှေ့ပြောင်းကာ ယတြာချေခဲ့ကြောင်း သိရသည်။

ပုံစာ-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး (ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *