ဆမီးမြို့ရှိ ဗျူဟာကုန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းမှ စခန်းစွန့်ခွာ ထွက်ပြေးသွားကြသည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်(မတူပီ)ထံက သိရှိရသည်။

ဆမီးမြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး အဆိုပါ ဗျူဟာကုန်းမှ စခန်းစွန့်ခွာ ထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ပလက်ဝ မတူပီမြို့နယ်အစပ် တစ်လျှောက်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ကစ၍ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

” ဆမီး ဗျူဟာကုန်းကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကျွန်တော်တို့ ပလက်ဝ မတူပီနယ်စပ် တစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ ကျွန်တော်တို့ဘက်ကနေ ကြားဖြတ်တိုက်ခိုက်တော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမူများတယ်။ အဲ့ဒီ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ မတူပီဘက်ကို ထွက်ပြေးလာကြတာဖြစ်တယ်။ အခု မတူပီဘက်ကို မရောက်နိုင်သေးဘဲ နယ်စပ်တစ်လျှောက်မှာဘဲ ရှိသေးတယ်။”ဟု ချင်းကာကွယ်ရေးတပ်(မတူပီ) တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဆမီး ဗျူဟာကုန်းမှ ထွက်ပြေးသွားကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့သည် ဘုံလိုင်ရွာ၊မတူပီမြို့နယ်တွင်းမှ လုံပိုင်ရွာနှင့် စန်တပ်ရွာတို့တွင် သုံးကြိမ်ခန့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာ အများပြာရရှိခဲ့ကြောင်း ကျေးရွာ လေး ရွာမှ ပြည်သူ ၆၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းလဲန်းကာကွယ်ရေးတပ်(မတူပီ)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်(ပလက်ဝ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *