အိန္ဒိယနိုင်ငံ ၊၊မီဇိုရမ်ပြည်နယ်။ လန်ပူအီ လေဆိပ်မှာ လေယာဥ်မတော်တဆဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ သူတွေကို သယ်လာပြီးလေဆိပ်ကနေ ဆေးရုံသွားတဲ့ လူနာတင်ယာဥ်တစ်စီးဟာ အရေးပေါ်ထွက်ပေါက်ကနေထွက်တာမှာ လေဆိပ်အထွက် ခုံးကျော်တံတားနဲ့ ကားအမိုးနဲ့မလွတ်ဘဲငြိနေတဲ့အတွက် အချိန်အတော်ကြာမှပြန်ထွက်နိုင်ခဲ့တယ်လို့ The Lairam Times သတင်းဌာနကဖော်ပြပါတယ် ။
စစ်ကောင်စီရဲ့ Y-8 လေယာဥ်ပေါ်မှာ လေယာဥ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးလိုက်ပါလာပြီး ၈ ဦးဒဏ်ရာရခဲ့ပြီး ၄ ဦးကဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ် ။ကျန် ၆ ဦးကတော့ဒဏ်ရာမရခဲ့ပါဘူး ။ ဒဏ်ရာရ လူနာ ၂ ဦးကို သယ်ပြီးအရေးပေါ်ထွက်ပေါက်က ထွက်တဲ့ လူနာတင်ယာဥ်ဟာ လေဆိပ်အထွက် ခုံးကျော်တံတားနဲ့ ကားရဲ့အပေါ်ပိုင်းနဲ့ ငြိပြီး မောင်းမရဖြစ်ခဲ့တာပါ ။အချိန်အတော်ကြာမှ ကားကိုနောက်ပြန်ဆုတ်ပြီး ထွက်နိုင်ခဲ့ပါတယ် ။ဒါပေမယ့် လူနာတင်ယာဥ် အပေါ်ပိုင်းပျက်စီးသွားတယ် လို့ The Lairam Times သတင်းဌာနကဓါတ်ပုံနဲ့တကွဖော်ပြထားပါတယ် ။
ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လန်ပူအီဆေးရုံကိုပို့ဆောင်ကုသပေးနေတယ်လို့သိရပါတယ် ။
စစ်ကောင်စီလေယာဥ်ဟာရက္ခိုင့်တပ်တော်-AA ကတိုက်ခိုက်လို့ စစ်ရှုံးပြီး အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သား ၂၇၆ ဦးထဲက မခေါ်ရသေးတဲ့ ၉၂ ဦးကိုရင်း ဒီနေ့ (ဇန်နဝါရီ ၂၃ )နံနက် ၁၀ နာရီ ၁ဌ မိနစ်မှာ လန်ပူအီလေဆိပ်အဆင်းမှာ ပြေးလမ်းချော်ပြီး မတော်တဆမှုဖြစ်ပွားခဲ့တာပါတယ်။
လေယာဥ်ဟာ ခါကျိုးအက်သွားတာကိုပုံတွေမှာတွေ့ရပြီး လေယာဥ်ဆီကနေ ထမ်းစင်နဲ့ ဒဏ်ရာရသူအချို့ကို ခေါ်ထုတ်နေတာကိုလည်း The Lairam Times သတင်းဌာနကဖော်ပြထားပါတယ် ။ စစ်ကောင်စီရဲ့ လေယာဥ်မတော်တဆမှုကြောင့် လန်ပူအီ လေဆိပ်ကိုပါ ယာယီပိတ်လိုက်ရပြီး လေကြောင်းခရီးစဥ်တွေအကုန် ဖျက်သိမ်းခဲ့ရတယ်လို့အိန္ဒိယသတင်းဌာနတွေကဖော်ပြပါတယ် ။
အိန္ဒိယထွက်ပြေးတဲ့ စစ်သား ၂၇၆ ယောက်ထဲက ပထမအသုတ် ၁၈၄ ဦးကို ဇန်နဝါရီ ၂၂ ရက်မှာလေယာဥ်နဲ့ခေါ်သွားပြီးဒုတိယအသုတ်အဖြစ် ၉၂ ဒီကနေ့မနက်သွားခေါ်တာမှာလေယာဥ်မတော်တဆဖြစ်ခဲ့တာပါ။ ဒါကြောင့်အဲဒီစစ်သား ၉၂ ဦးဟာ စစ်ကောင်စီကနောက်ထပ်လွှတ်မယ့်လေယာဥ်တစ်စီးကိုထပ်စောင့်နေကြပါတယ် ။
နိုဝင်ဘာလဆန်းက စစ်ကိုင်းတိုင်း ခါမ်းပတ်မြို့သိမ်းတိုက်ပွဲ ၊ချင်းပြည်နယ်က ရိခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲတွေကစပြီး စစ်ကောင်စီတပ်သားတွေဟာ စစ်ကိုင်း၊ချင်း၊ရခိုင်ဒေသတိုက်ပွဲတွေမှာ စစ်ရှုံးရင်အိန္ဒိယကိုထွက်ပြေးကြတာ ၂ လအတွင်း ၇၀၀ ခန့်ရှိခဲ့ပါတယ် ။ အခုထွက်ပြေးတဲ့ စစ်သားတွေဟာ AA က ဇန်နဝါရီ ၁၃ ရက်မှာ ပလက်ဝဒေသ ခန်ခတောင်ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့အခါ အိန္ဒိယထွက်ပြေးကြတဲ့စစ်သားတွေဖြစ်ပါတယ် ။
သူတို့ဟာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ၊လန်ပူအီမြို့ကို ဇန်နဝါရီ ၁၇ ရက်မှာ ရောက်သွားကြတာပါ ။အိန္ဒိယအစိုးရက ရှေ့မှာစစ်ရှုံးပြီးထွက်ပြေးလာတဲ့စစ်သားတွေတုန်းကလိုပဲ စစ်ကောင်စီကိုပဲပြန်လွှဲပြောင်းပေးနေတာပါ။
လေဆိပ်အဆင်းမတော်တဆ ဖြစ်တဲ့ လေယာဥ်ဟာ စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးယာဥ်အဖြစ်အဓိကအသုံးပြုပြီး ဒီနောက်ပိုင်းတိုက်ပွဲတွေမှာ ဗုံးကျဲလေယာဥ်အဖြစ်ပါအသုံးချလာတဲ့ Y8 လေယာဥ်ပါ။ တရုတ်နိုင်ငံထုတ် Y8 လေယာဥ်တွေဟာ စစ်တပ်ဆီမှာ အရင်ကလည်းမတော်တဆမှု တွေမကြာခဏဖြစ်ဖြစ်ဖူးပါတယ် ။
(လေယာဥ်မတော်တဆ ဖြစ်ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်သယ်ဆောင်လာတဲ့ လူနာတင်ယာဥ် မတော်တဆထပ်ဖြစ်စဥ်နှင့် ကားပျက်စီးသွားမှု ။ဓါတ်ပုံ- The Lairam Times )
Leave a Reply