ဟင်္သာတမြို့တွင် အမျိုးသာရေး သမားများ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် တပ်ထောက်ခံသူများမှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်

ဟင်္သာတမြို့တွင် အမျိုးသာရေး သမားများ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် တပ်ထောက်ခံသူများမှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်

ဇန်နဝါရီလ ၂၄ ရက်

ဟင်္သာတမြို့တွင် အမျိုးသာရေးသမားဟုဆိုသူများ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် တပ်ထောက်ခံသူများမှ ဦးဆောင်ကာ ဇန်နဝါရီ ၂၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း မြို့ခံများထံမှသိရသည်။

ဟင်္သာတမြို့ ၊ သုံးပင်ကွင်းရပ်ကွက် ၊ဆယ်ထပ်ကြီးရုပ်ရှင်တော်မြတ်ဘုရားဝန်းအတွင်း ဇန်နဝါရီလ ၂၃ ရက်နေ့က အမျိုးသားရေး ဆရာတော်များနှင့် အမျိုးသားရေး ဦးဆောင်လှုပ်ရှားသူများ ၊ကြံ့ခိုင်ရေးပါတီဝင်များ ၊တပ်ထောက်ခံသူများ ပါဝင်ကာ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နေသည့် ဘုရားပုထိုးများအား ဖျက်စီးနေသည့် အကြမ်းဖက်သမားများအား ကန့်ကွက်ရှုပ်ချသည့် ဆန္ဒပြပွဲ ဟု သုံးနှုန်းကာ ဘာသာရေးဝါဒဖြန့်သော ဆန္ဒပြပွဲတစ်ခုကို ဟင်္သာတမြို့တွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လူကတော့များတယ် ဘုန်းကြီးတွေရော သီလရှင်တွေရောဆိုရင် လူ ၂၀၀ ကျော်လောက်ရှိမယ်ထင်တယ်။ ဗီနိုင်တွေကိုင် ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ဆန္ဒပြကြတာ။

ဟင်္သာတမြို့ပေါ်ကလူတွေတော့ နည်းတယ် ။ ရွာဘက်ကလူတွေကို ဂျင်ထည့်ပြီးခေါ်လာတာဖြစ်ဖို့များတယ် ဟောပြောနေတာတွေတော့ကြားတယ်။

အောက်ကကောင်တွေကလည်းထောက်ခံတယ်ဆိုတာကြီးပဲ “ဟု ဟင်္သာတမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိကာလတွင် ဘာသာရေးနှင့်ဆိုင်သော ဆန္ဒပြပွဲများအား ပြုလုပ်ခွင့်ပေးခြင်းမှာ ပြည်သူလူထုအား ဘာသာရေးအကြောင်းပြ၍ စစ်တပ်ကိုထောက်ခံလာစေရန်နှင့် ဘာသာရေးပဋိပက္ခများ ပေါ်ပေါက်စေရန် ဖန်တီးနေခြင်းသာဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

“စစ်ကောင်စီက စစ်ရေးမှာ အထိခိုက်များပြီး အင်အားလျှော့နေချိန်မှာ လူထုကို အာရုံပြောင်းဖို့အတွက် ဘာသာရေးလှုပ်ရှားမှုတွေ၊ ဘာသာတစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်လာဖို့ ဒီလိုပွဲတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ခွင့်ပေးနေတာအသိသာကြီးပါ။ ဆန္ဒပြလို့ရတယ်မဖမ်းဘူးဆို ကုန်းစျေးနှုန်းတတ်တာပဲ ဆန္ဒပြချင်တယ်။ အခုက ပြည်သူကိုအာရုံလွှဲဖို့ ကြံနေတာအသိသာကြီးပဲ “ဟု အသက် ၅၀ အရွယ် ဟသ်ာတမြို့ခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ပုသိမ်မြို့တွင် အလားတူဆန္ဒပြပွဲတစ်ခုကို စစ်ကောင်စီခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့သေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *