စစ်ကောင်စီက ရန်ကုန်မြို့ရှိ ရဲစခန်းများအားလုံး ကတုတ်ကျင်းတူး၍ ဘန်ကာများ အပြီး ဆောက်လုပ်ရန် ညွှန်ကြားကာ ခံစစ်ပြင်ဆင်ခိုင်း

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့ရှိ ရဲစခန်းများအားလုံးကို စစ်ကောင်စီက ကတုတ်ကျင်းများ တူးရန်နှင့် ဘန်ကာများအပြီး ဆောက်လုပ်ရန် ယခု ဖေဖော်ဝါရီ လအတွင်း ညွှန်ကြား၍ ခံစစ်ပြင်ဆင်ခိုင်းနေကြောင်း ရဲစခန်းနှင့် နီးစပ်သူ တစ်ဦး ထံက သိရသည်။

စစ်ကောင်စီ၏ ညွှန်ကြားထားမှုကြောင့် လက်ရှိ ကတုတ်ကျင်းများတူးကာ ဘန်ကာများ ဆောက် လုပ်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများမှာ အင်းစိန်မြို့နယ်ရှိ ရဲစခန်းများ၊ လှိုင်သာယာမြို့နယ်ရှိ ရဲစခန်းများအပြင် ရွှေပြည်သာ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ကမာရွတ် စသည့်မြို့နယ်မှ ရဲစခန်းများဖြစ်ကြောင်း သိရသည်။

“တချို့ရဲစစန်းတွေမှာ ပြီးတဲ့ဟာတွေ ပြီးနေကြပြီ။ တချို့ကတော့ အခုထိ မြေကျင်းတူး ဘန်ကာဆောက်တာတွေ လုပ်နေကြတုန်းပါ။ ကျွန်တော်တို့လည်း လုပ်သာလုပ်နေရတာ ဒါတွေက ကိုယ့်အတွက် အကာအကွယ် သေချာမဖြစ်ဘူး၊ ဒရုန်းကိုလည်း ကြောက်ရတယ် ” ဟု စစ်ကောင်စီလက်အောက်ခံ Non CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ပဲခူးရိုးမနှင့် ထိစပ်နေသည့် ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီ၊ တိုက်ကြီး၊ အင်းတိုင်နှင့် လှည်းကူးမြို့နယ် များတွင်လည်း စစ်ကောင်စီမှ တပ်အင်အားဖြည့်ကာ အထိုင်ချ၍ ခုခံစစ်ပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

“ခိုင်းတော့လည်း လုပ်ရတာပေါ့။ အဓိကတော့ တိုက်ပွဲတွေကလည်း နေရာအနှံ့ ဖြစ်နေတော့ အရာရှိတွေက ကြိုတင်ပြင်ဆင်ခိုင်းတာ။ ကင်းချိန်လည်း ပျက်လို့မရဘူ လူလဲနဲ့ကို စောင့်ရတယ်။ ပျက်ကွက်ရင်လည်း အပြစ်ပေးခံရတယ်” ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့အတွင်းရှိ မြေအောက်တော်လှန်ရေး လုပ်ဆောင်နေသည့် UG များ အများဆုံး လှုပ်ရှား သွားလာနေသည့် နေရာ အများစုတွင်လည်း အရပ်ဝတ်များဝတ်ဆင်ကာ ကင်းပုန်းဝပ်ခြင်းများလုပ်ဆောင်ရသလို ရန်ကုန် မြို့လယ်များတွင်လည်း ဘန်ကာများဆောက်လုပ်ထားကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဒေသအများစု၌ စစ်မျက်နှာဖွင့်ထားပြီး လေယာဥ် ဖြင့်ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေပြီး ၎င်းတို့၏တပ်စခန်းများ ထပ်မံမစွန့်လွှတ် ရရေးအတွက်မြို့ကြီးအချို့တွင်လည်း အင်အားအများအပြားဖြည့်တင်းကာ ခံစစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *