ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ယင်းနေ့ ညနေ (၆) နာရီခန့်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ (၁၂) နာရီအတွင်း အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့သည်။ တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ) တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်းသိရှိရသည်။
တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် တစ်ဆက်တည်း၌ပင် ဖေဖော်ဝါရီလ (၆) ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ရက္ခိုင့်တပ်တော်မှ ဤသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့် တောင်ပြို (လက်ဝဲ/လက်ယာ) ဗျူဟာစခန်းနှစ်ခုစလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အရေအတွက် စုစုပေါင်းအင်အား (၂၀၀) အထက်သည် ဘင်္ဂလာဒေ့ရှ်-ရက္ခိုင်နယ်စပ်ရှိ နယ်ခြားမြစ်ဖြစ်သည့် “နတ်မြစ်”ကို ကျော်ဖြတ်ပြီး မောင်တော ဖက်ခြမ်းမှ ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြသည်။
ရန်သူ့စခန်းများကျဆုံးပြီးနောက် ဖရိုဖရဲဖြစ်နေသည့်တစ်ပြိုင်နက်တည်းတွင် ကစဉ့်ကလျားထွက်ပြေးလွတ်မြောက်နေသော ရန်သူ့တပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ ဆက်တိုက်လိုက်လံရှင်းလင်းခဲ့သည်။ စခန်းရှင်းလင်းရေးလုပ်နေစဉ်အတွင်း ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသည့် ARA နှင့် RSO တပ်ဖွဲ့ဝင်များနှင့် ကြိုတင်ပူးပေါင်းထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများအတွင်းမှ မိမိတို့အား အပြင်းအထန် ခုခံတိုက်ခိုက် ခဲ့ကြသည်။ အဆိုပါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့အနေဖြင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ၏ အလောင်းအမြောက်အမြား၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အပါအဝင် ရန်သူ့လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်။
တောင်ပြို (လက်ယာ) စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ခင်ကတည်းကပင် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးမှ နယ်ခြားစောင့်တပ်မှူးများနှင့် ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသော (ARA) နှင့် (RSO) တပ်ဖွဲ့ဝင်များ သည် ကြိုတင်ညှိုနိူင်းမှုပြုလုပ်ခဲ့ကာ နားလည်မှုရယူထားခဲ့ပြီး ထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ် စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ဆယ်သန်းဖြင့် ရောင်းချထားခဲ့ကြောင်းနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက် ARA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း စသည့် အချက်အလက်များအား မိမိတို့ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထံမှ သိရှိရသည်။
ထို့အပြင် မိမိတို့အနေဖြင့် အဆိုပါသုံ့ပန်းများထံမှ ဆက်လက်သိရှိရသည်မှာ နယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲအစည်းတို့သည် ရင်းနှီးသောဆက်ဆံရေးအပြင် အပေးအယူများနှင့် အတူ နားလည်မှုရှိရှိဖြင့်နေခဲ့ကြကြောင်း သိရှိရသည်။ မိမိတို့ သိမ်းဆည်းရမိသည့် ARA တပ်စခန်းများထဲတွင် တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများမှှ တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် မိမိတို့သိမ်းပိုက်နေစဉ် စပ်ကြား အဆိုပါဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ လုယူသွားသော လက်နက်ခဲယမ်းများ၊ ပလတ်စတစ်လက်နက် များ၊ WY မူးယစ်ဆေးဝါး (၆၉) ထုပ်နှင့် ရေခဲ (၂၈) ထုပ်တို့ကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့သည်။
ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့်တည်ဆောက်ထားသော အခိုင်အမာစခန်းတစ်ခုဖြစ်သည့် အပြင် အင်္ဂတေလူသွားလမ်းများဖြင့် တောင်ပြို (လက်ဝဲ) နှင့်ချိတ်ဆက်ထားသည်ကိုလည်း တွေ့ရှိရသည်။ တောင်ပြို (လက်ဝဲ) စခန်းနှင့် ARA ၏ အဓိကစခန်းသည် အဖြောင့်တိုင်းလျှင် မီတာ (၁၀၀၀) တစ်ထောင်ကျော်သာ ဝေးသည်။ ဤကဲ့သို့ အကွာအဝေးတွင် ထိုသို့အခိုင်အမာစခန်းတစ်ခုရှိနေခြင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ARA အဖွဲ့ကြား အပေးအယူနှင့် နားလည် မှုတို့ မည်ရွေ့မည်မျှရှိနေသည်ကို ခန့်မှန်းတွက်ချက်နိုင်သည်။ ထို့အပြင် ARA စခန်း၏ တစ်ဖက်ကမ်းတွင်ရှိသော ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ပုံမှန်ဝင်ထွက်သွားလာနေကြသည့် လက္ခဏာများကိုလည်း ထင်ရှားစွာတွေ့ရှိရသည်။ ARA အဓိကစခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် BGB (Border Guard Bangladesh) တပ်စခန်းတစ်ခုလည်းရှိနေသည်။
ရန်သူ့လက်နက်ဂိုဒေါင်များမှ လက်နက်ခဲယမ်းအချို့ကို ARA အဖွဲ့မှ ရယူနိုင်ခဲ့ခြင်းမှာ ၎င်းအချိန်တွင် ရန်သူ့စခန်းများအတွင်း၌ ၎င်းတို့သည် အတူရှိနေခဲ့ကြပြီး မိမိတို့၏ ထိုးစစ်ကို နယ်ခြားစောင့်တပ်နှင့် ARA တပ်ဖွဲတို့ပူးပေါင်း၍ ခုခံတိုက်ခိုက်နေခဲ့ကြ စဉ်အတွင်း အဆိုပါစခန်းအတွင်းမှ လက်နက်ခဲယမ်းများကို အချိန်တိုအတွင်း ရသမျှကို သိမ်းကြုံးယူဆောင်သွားနိုင်ခဲ့သော ကြောင့် ဖြစ်သည်။ ARA အဖွဲ့သည် အဆိုပါလက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းမှ ဝင်ရောက်၍ ကားတစ်စီးဖြင့် သယ်ယူသွားခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် မိမိတို့အနေဖြင့် အဆိုပါသုံ့ပန်းများအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ထပ်မံသိရှိရသည်များရှိပါက ဆက်လက် တင်ပြပေးသွားပါမည်။
တစ်ပြိုင်နက်တည်းတွင် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်ရှိ လူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် လူမှုသဟဇာတဖြစ်ရေးတို့အတွက် အဓိက အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးဆိုင်ရာအစီအမံများကိုလည်း မိမိတို့ အာရက္ခပြည်သူ့အစိုးရအနေဖြင့် အထူးအလေးပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပုံစာ – ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄/၅/၆) ရက်နေ့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်အောက်ခံ ဘင်္ဂလာ-ရက္ခိုင် နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများနှင့် ARA၊ RSO စခန်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
Leave a Reply