AA က ရေမြှုပ်မိုင်းများထောင်ထားသည်ဆို၍ စစ်ကောင်စီအနေဖြင့် ရေကြောင်းမှလည်း စစ်ကူမပို့နိုင်သလို မြေပြင်မှလည်း စစ်ကြောင်းမထိုးနိုင်ဖြစ်နေ

ရခိုင်ပြည်နယ်တွင် စစ်ရေးပြင်းထန်လာသည့်အချိန်ကစ၍ ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ နေရာဒေသအနှံ့တွင် စစ်မျက်နှာဖွင့် ထိုးစစ်ဆင်လာသည့်အတွက် စစ်ကောင်စီအနေဖြင့် မြေပြင်ထောက်ပို့လမ်းကြောင်းအသုံးပြုရန် ခက်ခဲနေပြီး ရေကြောင်းလမ်းကို အသုံးပြု၍ စစ်အင်အားထောက်ပို့မှုများနှင့် တိုက်ခိုက်မှုများ ပြုလုပ်လာကြောင်းသိရသည်။

စစ်ကောင်စီက မြေပြင်တွင်ပိတ်ဆို့ တိုက်ခိုက်ခံနေရပြီးနောက် မြေပြင်ထောက်ပို့နှင့် ထိုးစစ်ဆင်မှုကိုလက်လျှော့လိုက်ရပြီး ‌ရေကြောင်းမှတဆင့် စစ်ရေယာဉ်များ အသုံးပြုကာ အင်အားထောက်ပို့ခြင်းနှင့် တိုက်ခိုက်မှုများကို အစဉ်တစိုက် ပြုလုပ် လာခြင်းဖြစ်သည်။

ယခု ဖေဖော်ဝါရီလ အစပိုင်းမှစ၍ AA က စစ်ကောင်စီ အဓိကသွားလာလှုပ်ရှားနေသည့် စစ်လမ်းကြောင်းများတွင် ရေမြှုပ်မိုင်းများ ထောင်ထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာ၍ ရေကြောင်းကို အဓိကအသုံးပြုပြီး တိုက်ခိုက်နေသည့် စစ်ကောင်စီသည် ရေကြောင်းကို အသုံးပြုရန်ပင် သတိထားနေရသည့် အနေအထားသို့ ရောက်ရှိ လာကြောင်း သိရသည်။

“မိုင်းကြောက်လို့ ကုန်းကြောင်းမတက်ရဲဘဲ ရေလမ်းကနေသွားကာမှ အခုရေထဲမှာပါ ရေမြှုပ်ကြိုးချထားတော့ ဘာမှမလုပ်ရဲတော့ဘူး။ ရေကြောင်းကန့်သတ်ချက်ကြီး သွား သလို လှုပ်မရဘူး။ လာတိုက်ရင်ခံရဖို့ပဲ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကိုပြောသည်။

မင်းပြား၊ ရသေ့တောင်၊ အငူမော်နှင့် စစ်တွေသို့ စစ်အင်အားထောက်ပို့နှင့် တပ်အရွှေ့အပြောင်းကို စစ်သင်္ဘောများနှင့်ပို့ဆောင်နေရသည့် စစ်ကောင်စီအနေဖြင့် ရေကြောင်းအသုံးပြုရန် ခက်ခဲသွားပြီး လေကြောင်းကိုအသုံးပြုရန်လည်း အကန့် အသတ်များရှိနေသလို မကြာသေးခင်းရက်ပိုင်းအတွင်းတွင် AAက ၎င်းတို့ပစ်ချခဲ့သည့် ရဟတ်ယာဉ်ကို ထုတ်ပြခဲ့သည်။

စစ်ကောင်စီအတွက် ရသေ့တောင်၊ အငူမော်၊ စစ်တွေဘက်ခြမ်းတွင် ရေလမ်း ကန့်သတ် ချက်ရှိသွားပြီဖြစ်၍ မြေပြင်စစ်ကြောင်းမှာလည်း လှုပ်မရသည့်အနေအထားသို့ ရောက်ရှိနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီသည် ရေကြောင်းမှ စစ်ကူပို့တိုက်ခိုက်နေသော်လည်း မင်းပြားသို့ စစ်ကူပို့သည့် စစ်ကောင်စီတပ်များကို ကြပ်စင်တံတားအနီးတွင် (AA) ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သေဆုံးမှု များပြားကာ ရာမောင်မြစ်ထဲ စစ်ကောင်စီ အလောင်း ၃၀ ကျော် ပုပ်ပွမျောပါမှုများရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၆ရက်နေ့ နံနက်ပိုင်းကလည်း ကုလားတန်မြစ်မှတဆင့် ကျောက်တော်သို့စစ်ကူသွားသည့် စစ်ကောင်စီ၏ Navy နှစ်စီးကို ကျောက်တော်မြို့နယ် နဂူမေကျေးရွာအနီးတွင် AAက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည် နှစ်လုံးထိမှန်၍ နှစ်စီးလုံး နောက်ကြောင်းပြန်လှည့်သွားကြောင်း သိရသည်။

ပုံစာ- သံဇစ်မြစ်ထဲကင်းလှည့်နေသည့်စစ်ကောင်စီ Navy တစ်စီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *