ရသေ့တောင်၊ ကိုးတန်ကောက်စခန်းကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်ကြောင်း ညီနောင် ၃ ဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ ထိုစခန်းကို ယနေ့ (ဖေဖော်ဝါရီ ၉) နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စခန်းတစ်ခုလုံးကို နှစ်ရက်တာထိုးစစ်အပြီး AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုစခန်းအနီးရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းတို့သည် ရခိုင်ပြည်နယ်တွင် AA တိုက်ပွဲစတင်ဖော်ဆောင်သည့် နိုဝင်ဘာ ၁၃၊ ၁၄ တို့တွင် တိုက်ခိုက်သိမ်းပိုက်ခံရပြီးဖြစ်သည်။

ထို့ပြင် မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာအနီးက “ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (နခခ ၇) ကိုလည်း လက်နက်ချအညံ့မခံသောကြောင့် AA က စတင်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုစခန်းသည် အရပ်သားပြည်သူနေထိုင်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့် စစ်ကောင်စီတပ်စခန်းဖြစ်သည်ဟု AA က ဆိုပြီး လက်နက်ချအညံ့မခံသောစခန်းတိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟုလည်း ဆိုသည်။

ညီနောင် ၃ ဖွဲ့၏ ယ​နေ့ညထုတ်ပြန်ချက်တွင် ထူးခြားသည်မှာ “မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” ကို ဤနဂါးနှစ် (၂၀၂၄ ခုနှစ်တွင် ကျရောက်သော တရုတ်ပြက္ခဒိန်နှစ်) အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟု ယုံကြည်သည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြခြင်းမရှိပါ။ ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ဆင်နွှဲကြောင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ဆင်ရေးရည်ရွယ်ချက် ၇ ချက်ကို ဖော်ပြခဲ့ပြီး ‘စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး’ ကို အချက်တစ်ချက်အနေဖြင့် ထည့်သွင်းထားပြီးဖြစ်သည်။

AA သည် ရခိုင်ပြည်နယ်မှ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

လက်ရှိတွင် ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး၊ စစ်တွေ၊ မြေပုံ၊ အမ်း၊ တောင်ကုတ်တို့တွင် နှစ်ဖက်တပ်များ စစ်ပြင်လျက်ရှိသည်။

လေကြောင်းဗုံးကြဲမှုကို အားကိုးသော စစ်ကောင်စီတပ်သည် စစ်သည်အင်အား လုံလောက်မှုမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ရခိုင်စစ်မြေပြင်သို့ စစ်ကူပေးပို့သည်ကို မတွေ့ရပေ။

ထိုးစစ်အတွက် ကာလရှည် ကြိုတင်ပြင်ဆင်ခဲ့သော AA တပ်များက လက်ရှိထိုးစစ်အတွင်း အောင်မြင်မှုအများအပြား ရရှိနေပြီး အာဏာသိမ်းတပ်၏ စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *