“ကိုးတန်ကောက် နယ်ခြားစောင့် တပ်စခန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်၊ နယ်ခြားစောင့်ရဲ ၁၅၀ ကျော် သေဆုံး”

ဖေဖော်ဝါရီလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိုနယ်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ ကိုးတန်ကောက်

နယ်ခြားစောင့် တပ်စခန်း (နခခ-၁) ကို ရက္ခိုင့်တပ်တော် AA က အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး

နယ်ခြားစောင့်ရဲ ၁၅၀ ကျော် သေဆုံးခဲ့ကာ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်

ရသေ့တောင်မြို့နယ်၊ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို AA ထပ်မံ သိမ်းပိုက်

​မောင်​တောရှိ၊ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းအားစတင်ထိုးစစ်ဆင်

ရက္ခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ (ဖေဖော်ဝါရီ ၉ရက်)မနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၈ရက်တွင် ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” အား ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ဒုတိယနေ့တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါ တပ်စခန်း တစ်ခုလုံး အပြီးသတ် ချေမှုန်းသိမ်းပိုက်ပြီဖြစ်ကြောင်း ဖော်ပြထားပြီး လက်နက်ခဲယမ်းရရှိမှု၊ စစ်ကောင်စီတပ် သေဆုံးမှု အခြေအနေများ ဖော်ပြခြင်းမရှိသေးပေ။

ရသေ့တောင် အခြေစိုက် ခမရ(၅၃၇) တပ်ကလည်း ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်နှင့် သံချောင်းကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (တစ်နည်း) နခခ (၇)ကိုလည်း စတင်ထိုးစစ်ဆင်နေကြောင်း အသိပေးသည်။ အဆိုပါ စခန်းအနေဖြင့် လက်နက်ချအညံ့မခံ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကြိမ်ချောင်းစခန်းသည် စစ်ကောင်စီမှ နှစ်ရှည်လများအခြေချတပ်စွဲထားကာ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့် ရန်သူ့စခန်းများထဲမှ တစ်ခုဖြစ်ကြောင်း၊ လက်နက်ချအညံ့မခံသောစခန်းတိုင်းအား ယခင်စခန်းများနည်းတူ ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း လည်းအသိ​ပေးသည်။

AAသည် ဖေဖော်ဝါရီ ၄ရက်ကလည်း မောင်တောရှိ နယ်ခြားစောင့်စခန်း ၂ခုကို ထိုးစစ်ဆင်ခဲ့ပြီး ရက်ပိုင်းအတွင်း စခန်းနှစ်ခုလုံးကို သိမ်းနိုင်ခဲ့ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့သည်။ မောင်တောရှိ တောင်ပြို(လက်ယာ)စခန်းကို ဖေဖော်ဝါရီ ၄ရက်၊ တောင်ပြို(လက်ဝဲ)စခန်းကို ဖေဖော်ဝါရီ ၆ရက်တွင် သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ​ကျော်ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ထွက်ပြေးသွားသည်။

ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုဆက်လုပ်နေသည်ဟု ဖော်ပြသည်။ စစ်ကောင်စီ၏ သိမ်တောင်ကုန်းဘုရားပေါ်၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ ယမန်နေ့တွင် ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်နေရာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ကျောက်ဖြူတွင်လည်း စစ်ကောင်စီတပ်က အရပ်သားများဖမ်းဆီးမှု ဆက်လုပ်ခဲ့ကြောင်း၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးအား ယမန်နေ့တွင် ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်တက်ရာ ရက္ခိုင်ဒေသတွင်း စစ်ရေးဗျူဟာအထိနာနေသည့် တစ်ပြိုင်နက်တည်းတွင်ပင် စစ်စခန်းများကို နေ့စဉ်ရက်ဆက်ဆုံးရှုံးနေရသောကြောင့် စစ်ရှုံးစစ်ကောင်စီသည် ရက္ခိုင်ဒေသတွင်းရှိ အရပ်သား ပြည်သူများရှိသော မြို့၊ ရပ်ရွာများနှင့် အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအား လုပ်ကြံစွပ်စွဲချက်ဖြင့် မတရားဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို ခပ်စိပ်စိပ် ကျုးလွန်လာလျက်ရှိသည်ဟု အသိပေးသည်။

အလားတူပင် စစ်အာဏာရှင်ကိုတော်လှန်နေကြသည့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်လည်း ထိုကဲ့သို့သော ရက်စက်ရွံရှာဖွယ်စစ်ရာဇဝတ်မှုများအား စစ်ကောင်စီမှ နေ့စဉ်ရက်ဆက် ကျူးလွန်နေဆဲဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

(AA သိမ်းပိုက်ခဲ့​သော ကိုးတန်​ကောက်နယ်ခြား​စောင့်စခန်း ၊စတင်ထိုးစစ်ဆင်တိုက်ခိုက်သည့် ​ကြိမ်​ချောင်း နယ်ခြား​စောင့်စခန်း နှင့် စစ်​ကောင်စီ တပ်စခန်းထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ။ဓါတ်ပုံ-3BHA ၊ CJ )


Comments

Leave a Reply

Your email address will not be published. Required fields are marked *