“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၁၀၇) ရက်မြောက်နေ့တွင် ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ ရေကြောင်း၊ လေကြောင်းမှ ခုခံစစ်များနှင့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်တို့ကြား တိုက်ပွဲများသည် ပြင်းထန်နေခဲ့သည်။

ယ‌နေ့တွင်လည်း ရက္ခိုင်ပြည်၊ မြို့နယ်အချို့တွင် ထိတွေ့တိုက်ပွဲအချို့ရှိခဲ့သကဲ့သို့ စစ်ကောင်စီ၏ မြို့၊ ရွာများနှင့် အရပ်သား ပြည်သူများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။

(၁) ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သော ရက္ခိုင်ပြည်၊ မင်းပြားမြို့အား ယနေ့တစ်ရက်လုံးတွင် စစ်ကောင်စီသည် ရေကြောင်း၊ လေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်၌ အခြေစိုက်ထားသည့် စစ်ရှုံးစစ်ကောင်စီ၏တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ ယနေ့၊ နံနက် (၈) နာရီ (၄၂) မိနစ်မှ နေ့လယ် (၁၂) နာရီ (၁၀) မိနစ်အချိန်ထိ စစ်ကောင်စီ၏ သိမ်တောင်ဘုရားကုန်းပေါ်တွင် အခြေချတပ်စွဲထားသည့် တပ်စခန်းမှ လက်နက်ကြီးများဖြင့် (၃၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်ပြိုင်နက်တည်း၌ပင် ရန်သူ၏ “အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီ” မှ လက်နက်ကြီးဖြင့် (၁၉) ကြိမ်နှင့် ကမ်းထိုးဇက်နေဗီမှ လက်နက်ကြီးများဖြင့် (၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နေ့လယ် (၁) နာရီ (၂၂) မိနစ်အချိန်မှစ၌ ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi-17 ဖြင့်လည်း (၁) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြန်သည်။

ဤသို့ ရက္ခိုင်စစ်မြေပြင်တွင် အထိနာနေသောကြောင့် အငြိုးအတေးဖြင့် ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် ရမ်းဗြဲမြို့၊ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၊ သမိုင်းဝင်ကိုယ်ရံတောင်စေတီ၏ တောင်ကုန်းအနီးဝန်းကျင်နှင့် ရမ်းဗြဲမြို့ပေါ်ရပ်ကွက် များထဲမှ အမှတ် (၅) နှင့် (၆) တို့မှာ လက်နက်ကြီးကျည်၊ ဗုံးစများ ကျရောက်ပေါက်ကွဲခဲ့သည်။

ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့်

(၃) အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲအခြေချခဲ့သည့် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာ အနီးရှိ ဂြင်းတပ်တောင်သို့ ယမန်နေ့၊ နံနက် (၆) နာရီအချိန်ခန့်က ဒေသခံသက်ကြီးပိုင်း အမျိုးသားတစ်ဦးသည် နွားကို စားကျက်လွှတ်ရန် နေအိမ်မှထွက်သွားခဲ့သည်။ အဆိုပါအမျိုးသားမှာ နေ့လယ်ထိ အိမ်ပြန်မရောက်လာသည့်အတွက် အသက် (၄၆) နှစ်အရွယ် သားမက်ဖြစ်သူသည် ဂြင်းတပ်တောင်တွင် လိုက်လံရှာဖွေခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ၎င်းတို့အခြေချတပ်စွဲခဲ့စဉ် ထောင်ထားခဲ့သောမြေမြှုပ်မိုင်းအား နင်းမိ၍ ဘယ်ဘက်ခြေထောက် တစ်ချောင်းမှာ ဒူးအောက်ပိုင်းမှ ပြတ်ထွက်သွားခဲ့ရ သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


Comments

Leave a Reply

Your email address will not be published. Required fields are marked *