မန္တလေးတွင် စစ်ကောင်စီတပ်က လူငယ်များကို ဖမ်းဆီးပြီးပေါ်တာဆွဲနေ

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးသည့်နောက် မန္တလေးမြို့ပေါ်ရှိ နေရာအနှံအပြားတွင် ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေကြောင်း မြို့ခံများထံက စုံစမ်းသိရသည်။

“ပြည်ကြီးတံခွန်မြို့ထဲ ရပ်ကွက်တစ်ခုမှာ မနေ့ည ၇ နာရီလောက်က လမ်းထိပ်မှာကားရပ်ပြီး အကုန်ဆွဲတင်နေတာ၊ အသိတစ်ယောက်ပါသွားတယ်၊ အခုမနက်တော့ လွတ်လာတယ်။ တော်တော်တော့ပေးလိုက်ရတယ် ကြားတယ်” ဟု ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။

“မနေ့ညက ၃၅ လမ်းဘက်မှာလည်း ည ၈ နာရီကျော်က လာသမျှလူဖမ်းတယ်” ဟု ချမ်းအေးသာဇံမြို့နယ်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၈ နာရီခွဲတွင်လည်း မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အတွင်းသို့ အင်အားအများအပြားဖြင့် ဝင်ရောက်ဖမ်းဆီးမှုများရှိခဲ့ကြောင်း ဒေသခံနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

“ည ၈ နာရီခွဲလောက်ကစဝင်တာ၊ အဲဒီ့မယ် အမျိုးသားသုံးဦးပါသွားတယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ ကန်တော်ကြီးနားလေးမှာလည်း ကောင်မလေးနှစ်ယောက် ခေါ်သွားခံရတယ်ဗျ။ ည ၈ နာရီကျော်ကတည်းက လမ်းပေါ်ဘယ်သူမှမရှိကြတော့ဘူး” ဟု မန္တလေးကန်တော်ကြီးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“မနေ့ညတစ်ညတည်းမှာတင် ရန်ကုန်၊ မန္တလေး နေရာအနှံ့ပေါ်တာဆွဲတဲ့သတင်းတွေကြားရတယ်၊ စစ်တပ်က ဥပဒေကို အသက်သွင်းလိုက်တော့ ပြောင်ပြောင်တင်းတင်းကို ပိုလုပ်ပြတော့တာ။ ဒီကိစ္စက ပေါ့သေးသေးမဟုတ်ဘူး။ လူငယ်၊ လူကြီး အကုန်လုံးပဲသွားသတိ၊ လာသတိရှိကြရင်တော့ အကောင်းဆုံးပဲ” ဟု ရတနာပုံတက္ကသိုလ်တွင်တက်ရောက်ခဲ့သည့် CDM ကျောင်းသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ပြည်သူ့စစ်မှုထမ်းဥပဒေစတင်၍ အသက်ဝင်ကြောင်း စစ်ကောင်စီတပ်ကပြဌာန်းအတည်ပြုခဲ့သည့်နောက် ၂၄ နာရီအတွင်း ဖမ်းဆီးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံစာ – မန္တလေးမြို့အဝင်ရှိ တံခွန်တိုင်အဝိုင်းကို တွေ့ရစဥ်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *