ရွှေဘိုတွင် ခရီးသည်တင်ယာဉ်များပေါ်မှ လူငယ် ၉၀ကျော်ကို ဖမ်းဆီးပြီး စုဆောင်းရေးတပ်သို့ ပို့

ရွှေဘိုတွင် ခရီးသည်တင်ယာဉ်များပေါ်မှ လူငယ် ၉၀ကျော်ကို ဖမ်းဆီးပြီး စုဆောင်းရေးတပ်သို့ ပို့

16 Feb 2024 By MPA CJ 007

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ကိုးပင်ဂိတ်တွင် ခရီးသည်တင်ယာဉ်များပေါ်မှ လူငယ်၉၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၆ရက်) နံနက် ၈နာရီခန့်မှစတင်ကာ ရွှေဘို-မန္တလေး-မြစ်ကြီးနားလမ်းဆုံရှိ ကိုးပင်ဂိတ်တွင် ခရီးသည်တင်ကားများပေါ်မှ လူငယ်များကို စစ်တပ်က ဖမ်းဆီးပြီး ရွှေဘိုမြို့ပေါ်ရှိ အမှတ်(၈)လေ့ကျင့်ရေး စုဆောင်းရေးတပ် သို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

” မနက်ကဖမ်းတာက ၃၀တဲ့။အခု ၉၀ကျော်သွားပါပြီဆိုပြီး အထောက်(အထောက်တော်)ကဖုန်းလှမ်းဆက်တာ။ မြစ်ကြီးနားက အစောဆုံးဝင်လာတဲ့ကားကနေ စဖမ်းတာ” ဟု ဒေသတွင်း LPDF ရဲဘော်တစ်ဦးက ယနေ့ညနေ ၃နာရီခွဲခန့်တွင် ပြောသည်။

ခရီးသည်တင်ယာဉ်များပေါ်ရှိ လူငယ် ကျား၊မ အကုန်လုံးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

” တားပြီးတော့ အကုန်တန်းဆွဲချတာ။ ပြီးတော့ လေ့ကျင့်ရေး -၈ထဲကို တန်းပို့တာ။ ပြန်လွှတ်တာတော့ မရှိသေးဘူး” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံရသည့်လူငယ်များကို အိမ်စီးကားနှင့် ဖောကားတို့ဖြင့် လေ့ကျင့်ရေး -၈ထဲသို့ တောက်လျှောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူလူထုအနေနှင့် ခရီးသွားလာသည့်အခါ စစ်တပ်၏ ဖမ်းဆီးခြင်းမခံရစေရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို မျက်ခြေမပြတ်စောင့်ကြည့်ရန်နှင့် လိုက်နာကြရန် ရွှေဘိုမြို့နယ်ပလဖဒုတာဝန်ခံကပြောသည်။

” သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထုတ်ပြန်ချက်တွေကို အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ထားတယ်။ ပြည်သူတွေကလည်း လိုက်နာဖို့လိုတယ်။ ကျနော်တို့ကတော့ ပြည်သူတွေအတွက် ရှေးရှုပြီး ဘာမှဆိုလုပ်နေတာပဲ။ လမ်းကြောပိုင်းဆို ကျနော်တို့ကိုယ်တိုင်ပဲ လုံခြုံရေးကင်းတွေချပြီး ဘယ်အချိန်မှာ ဖြတ်သန်းသွားလို့မရဘူး။ ဘယ်ချိန်မှာ ဘေးကင်းနိုင်တယ်ဆိုပြီး လမ်းကြောအဖွင့်အပိတ်လေးနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် ရွှေဘို-မန္တလေးလမ်းပိုင်းပေါ်၌ ခရီးသွားလာမှု နည်းပါးသွားကြောင်းသိရသည်။

” ရပ်သွားတာတော့မရှိဘူး။ သူတို့နဲ့ ကြုံရင်ကြုံသလို ဖမ်းနေတာဆိုတော့ လောလောဆယ်တော့ အသွားအလာ တော်တော်လေးကျဲသွားတယ်” ဟု ဒေသခံတစ်ဦး‌ကပြောသည်။

ဖေဖော်ဝါရီ ၁၅ရက်ကလည်း ရွှေဘိုမြို့ပေါ်တွင် လူငယ်အမျိုးသား ၅ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်မလွှတ်သေးကြောင်းသိရသည်။

စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် ရွှေဘို-မန္တလေး လမ်းပိုင်းပေါ် ခရီးသွားလူငယ်များကို ယခု ဖမ်း ဆီးမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *