နေပြည်တော်ခရီးကသိပ်မဝေးတော့ပါဘူး

၁၀၂၇ ရှမ်းမြောက် စစ်ဆင်ရေးမှာ အလဲလဲ အကွဲကွဲနဲ့ မြို့တွေ၊ နယ်မြေတွေ အမြောက်အမြား ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီဟာ ရခိုင်မှာလည်း အလားတူ အခြေအနေနဲ့ ထပ်မံ ကြုံတွေ့ နေရပါတယ်။ တရားဝင် ထုတ်ပြန်ချက်တွေ အရ မြို့ပေါင်း ၇ မြို့ကို အပြီးအပြတ် သိမ်းပိုက်ထားပြီး နောက်ထပ် ၈ မြို့လောက်ကိုလည်း သိမ်းပိုက်ဖို့ ပြင်းပြင်းထန်ထန် ထိုးစစ် ဆင်နေပါတယ်။ ရခိုင်မှာ စစ်ကောင်စီ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်တာ ၃-၄ မြို့ပဲ ကျန်ပါတော့တယ်။

အလားတူ ရှမ်းတောင်ဘက်မှာလည်း ပအိုဝ်း အဖွဲ့ PNLA က သူတို့ရဲ့ စိုးမိုးနယ်မြေကို တဖြည်းဖြည်း ချဲ့ထွင်နေ ပါတယ်။ ဆီဆိုင်ကနေ စတင်လိုက်တဲ့ ထိုးစစ်ဟာ အခုဆို ဟိုပုံးနဲ့ မိုင်းပွန်တို့အထိ တိုက်ပွဲ ပြင်းထန် နေပါတယ်။ ရှမ်းအဖွဲ့ SSPP ကလည်း တိုက်ပွဲထဲ ပါဝင်နေတယ်လို့ သတင်းထွက်ပြီး ပအိုဝ်းအဖွဲ့ PNO ကတော့ စစ်ကောင်စီ ဘက်ကနေ တိုက်နေပါတယ်။ ကျွန်တော် ဟိုတနေ့က ပြောသလို ရန်သူကို အနားမပေးဘဲ ဝိုင်းရံပြီး တပ်စု၊ တပ်ဖြန့် ခက်ခဲအောင် လုပ်နေတဲ့ ဗျူဟာလို့ ယူဆရတယ်။

မြောက်ပိုင်းမှာတော့ ကချင်တပ် KIA က မြို့လှ အခြေစိုက် ခမရ ၃၈၇ တပ်စခန်းကို ခြိမ်းခြောက် သတိပေးတဲ့စာ ပို့လိုက်တဲ့အချိန်မှာ စခန်းစွန့်ပြေး သွားကြလို့ သေနတ်တစ်ချက် မဖောက်ရဘဲ မြို့တစ်မြို့ ထပ်သိမ်းနိုင်ခဲ့ ပါတယ်။ သူတို့ဟာ အဲဒီ နည်းလမ်းနဲ့ မြို့သိမ်းခဲ့တာ အခုဆို ၂ ကြိမ် ရှိပါပြီ။ အင်ဂျန်းယန် တုန်းကလည်း အခုလို သိမ်းခဲ့တာပါ။ သူတို့ဟာ စကခ ၂၁ အခြေစိုက်တဲ့ စီခန်း စခန်းကြီးကိုလည်း အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ပါတယ်။ အခုဆို လိုင်ဇာနဲ့ အနီးဆုံး မြို့တစ်မြို့ ဖြစ်တဲ့ ဆင်ဘိုမြို့ကိုလည်း သိမ်းပိုက် နိုင်ဖို့အတွက် တိုက်ပွဲတွေ ဖော်ဆောင်နေတာ တွေ့ရပါတယ်။

တိုင်းရင်းသား နယ်တွေမှာ အထိနာပြီး စခန်းတွေ လွယ်လွယ်ကူကူ စွန့်နေရတဲ့ စစ်ကောင်စီဟာ အညာနဲ့ အထက်ပိုင်းကိုတော့ တော်တော်လေး ပြန်ဖိနေတာ တွေ့ရတယ်။ အထူးသဖြင့် သူတို့ရဲ့ Nemesis ဖြစ်တဲ့ NUG ရဲ့ လွှမ်းမိုးမှုရှိတဲ့ PDF တွေကို တော်တော်လေး ပြင်းပြင်းထန်ထန် တုံ့ပြန်တာ တွေ့ရတယ်။ ဒါကတော့ သူတို့ တစ်သက်လုံး အလွယ်တကူ ထောင်ထဲ ဖမ်းထည့်နေကျ NLD နဲ့ မြန်မာ နိုင်ငံရေးသမားတွေက သူတို့ အဓိက အားသာချက်လို့ ယူဆထားတဲ့ စစ်ရေးမှာ သူတို့ထက် ပိုတော်တယ် ဆိုတာကို ဘယ်လိုမှ လက်ခံလို့ မရတဲ့ စိတ်အခံ ကြောင့်ပါပဲ။

ဒါကြောင့် ကောလင်းလို မြို့ကို လူအသက်တွေ အများကြီး ရင်းပြီး အတင်းရအောင် ပြန်သိမ်းနေတာတွေက သူတို့ရဲ့ စိတ်မလုံခြုံမှုကို ပြနေတယ်။ ကောလင်းဆိုတာ စစ်ကိုင်းတိုင်း တောင်ခြမ်း မြောက်ခြမ်း ကူးသန်း ဆက်သွယ်တဲ့ မြို့တစ်မြို့ ဖြစ်တာကလွဲရင် အရမ်း အရေးကြီးတဲ့ နေရာ မဟုတ်ပေမယ့် အရပ်သားတွေက သူတို့လောက် စစ်မတိုက်တတ်ဘူး ဆိုတာကို သက်သေ ပြချင်လို့ အငမ်းမရ လိုချင်နေကြတာ။ ကောလင်းကို တော်လှန်ရေး တပ်တွေ ယာယီ ဆုတ်ခွါတာဟာ ပြည်သူတွေ အတွက် အားမလို အားမရ ဖြစ်စရာ ဖြစ်နိုင်ပေမယ့် ရေရှည် စစ်ပွဲအတွက်တော့ လုပ်သင့် လုပ်ထိုက်တဲ့ ဗျူဟာလို့ပဲ မြင်ပါတယ်။

စကစတပ်တွေ ကောလင်းကို မဲနေတုန်း ပင်လည်ဘူးနဲ့ ကလေးလို နေရာတွေမှာ တော်လှန်ရေး တပ်တွေ အောင်ပွဲ ခံနေတာကိုလည်း တွေ့ရပါတယ်။ ကလေးမှာ ဆိုရင် ကံကြီးရွာ၊ ကံသာယာရွာနဲ့ စက္ကန့်ရွာ စခန်းတွေကို ၂ ရက် အတွင်း သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ တုန်းကလည်း ကလေး တဝိုက်က စစ်စခန်း ၅ ခုလောက် သိမ်းထားပြီး ဖြစ်လို့ အခုဆို စကစက မြို့ပေါ် ကွက်ကွက်လေးပဲ စိုးမိုးနိုင်တာ တွေ့ရတယ်။ ကောလင်းအတွက် ရှိသမျှ အင်အားအကုန် ထုတ်နုတ် ပေးထားပုံ ရလို့ စစ်စခန်းတွေဟာ လူအင်အား ချိနဲ့နေတာကို လည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာ တစ်ခုက CNDF ရဲ့ ဒုစစ်ဦးစီးချုပ်ဟာ စက္ကန့်ရွာ တိုက်ပွဲမှာ တိုင်းပြည် အတွက် အသက်ပေးလှူ သွားတာပဲ ဖြစ်ပါတယ်။

တောင်ပိုင်းမှာတော့ ရေး၊ ထားဝယ်၊ တနင်္သာရီ ဘက်တွေမှာ သတင်းကောင်းတွေ ကြားရပါတယ်။ KNU က ဖဒိုစောတောနီး ကတော့ မြို့သိမ်း တိုက်ပွဲထက် နေပြည်တော်ကိုသာ ထိုးဖောက် နိုင်ဖို့ အာရုံစိုက်မယ်လို့ တရားဝင် ပြောထားလို့ ကရင်ဘက်မှာ မြို့သိမ်း သတင်းတွေတော့ သိပ်ကြားရမယ့်ပုံ မရှိပါဘူး။ ဒါပေမယ့် တောင်ပိုင်းခွင်မှာ စကစဟာ တောတွင်းစခန်း မကျန်သလောက် ဖြစ်နေပြီး မြို့ပေါ်က တပ်ရင်းတွေ မှာပဲ ပိတ်ဆို့ ခုခံနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ပဲခူးရိုးမ တစ်ခုလုံးကိုပါ တော်လှန်ရေး တပ်တွေ စိုးမိုးထားနိုင်တဲ့ အခြေအနေ ရောက်နေပြီ ဖြစ်လို့ နေပြည်တော် ခရီးက သိပ်မဝေးတော့ဘူးလို့ ပြောရမယ် ထင်ပါတယ်။

Zin Thaw Naiing


Comments

Leave a Reply

Your email address will not be published. Required fields are marked *