နေပြည်တော်ကို နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီပြင်ဆင်

အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက ဌာနချုပ်ရှိရာ နေ ပြည်တော် ကောင်စီနယ်မြေမှာ စစ်ရေးနဲ့ဆိုင်တဲ့ စီမံချက်အသစ်တွေကို ပြင်ဆင်ရေးဆွဲခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။

နေပြည်တော်ရှိ ရေဆင်းနဲ့ပျဉ်းမနားမြို့နယ်တွေမှာ တပ်နယ်အလိုက် မဆုတ်တမ်းခံစစ်၊ တန်ပြန်တိုက်စစ်နဲ့ စီမံချက်တွေကို အသစ်ရေးဆွဲခိုင်းနေတဲ့အကြောင်း တပ်တွင်းသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ဧရာဝတီတိုင်းမ်သတင်းဌာနက ဖော်ပြခဲ့တာပါ။

အဲဒီစီမံချက်အသစ်တွေကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတည်းက စတင်ကာ ပြန်လည်အဆင့်မြှင့်ရေး ဆွဲခိုင်းပြီး ပစ်ကူ၊ စစ်ကူစီမံချက်တွေကိုပါ တပ်အချင်းချင်း ညှိနှိုင်းရေးဆွဲခိုင်းတာဖြစ်လို့ အဆင် ပြေတဲ့စီမံချက်ကို အသုံးချသွားမယ်လို့ သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာတော့ နပတတိုင်းစစ်ဌာနချုပ်ရှိပြီး အဲဒီဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ စစ်ဗျူဟာအဖွဲ့ ၃ ဖွဲ့နဲ့ တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ ခြေလျင်၊ခြေမြန်တပ်ရင်း ၁၀ ရင်းအထိ ရှိနေတာပါ။

ဒါ့အပြင် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပျဉ်းမနားမြို့ ၊ သဲဖြူကျေးရွာအခြေစိုက် အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လည်း ရှိနေပြီး အဲဒီအောက်မှာတော့ နည်းဗျူဟာကွပ်ကဲမှု အဖွဲ့ ၃ ဖွဲ့နဲ့ ခြေလျင် ခြေမြန်တပ်ရင်း ၁၀ ရင်း ရှိပါတယ်။

စစ်ကောင်စီဟာ နိုင်ငံ့အနှံ့ထိုးစစ်ကြောင့် အင်အားပြုန်းတီးမှုနဲ့အတူ တပ်ဖွဲ့ဝင်ထောင်ချီ လက်နက်ချအညံ့ခံမှုတွေရှိနေတဲ့အပြင် မြို့ပေါင်း ၄၀ ကျော်ကိုလည်း လက်လွှတ်ခဲ့ရပြီးနောက် နေပြည်တော်ကို နောက်ဆုံးခံစစ်စည်းအဖြစ် အပြင်းအထန်ပြင်ဆင်နေတာပါ။

ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာလည်း စစ်ကောင်စီက သူတို့ရဲ့ ဌာနချုပ်ကို တစ်နိုင်ငံလုံး ထိုးစစ်ကနေ ကာကွယ်ဖို့ တပ်အင်အား ၁၄,၀၀၀ ဝန်းကျင်ကို နေပြည်တော်ရှိ တပ်စခန်းတွေဆီ ရွှေ့ပြောင်းခဲ့တယ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာနှောင်းပိုင်းမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တာပါ။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက စစ်ကောင်စီရဲ့ အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ဘယ်လိုထိုးဖောက်မလဲဆိုတာ စဉ်းစားရတော့မယ်လို့ ဒီရက်ပိုင်းအတွင်း ထုတ်ပြောထားပါတယ်။

ပဒိုစောတောနီးက အခုချိန်မှာ မြို့ သိမ်းတိုက်ပွဲတွေကို စဉ်းစားမှာမဟုတ်ပေမယ့် စစ်ရေးအရလိုရင်လိုသလို ဝင်တိုက်မှာဖြစ်ပြီး အသည်းနှလုံးရှိတဲ့ အရှိုက်ရှိတဲ့တကယ့်အညှာရှိတဲ့နေရာကို ထိုးဖောက်မှာပဲလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နေပြည်တော်ကို သိမ်းပိုက်နိုင်ဖို့ KNU တစ်ဖွဲ့တည်းနဲ့ ဦးတည်ထားပေမယ့် တခြားအင်အားစုတွေရဲ့ ပူးပေါင်းမှုအပေါ် မူတည်တယ်လို့ သုံး သပ်ပါတယ်။

“နေပြည်တော်ကိုမဝင်ခင် အရင်ဆုံးမန္တလေးတိုင်းကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ မန္တလေး တိုင်းကို ထိန်းချုပ်လို့ရရင် ပြင်ဦးလွင်စစ်နယ်တွေ အရင်ဆုံးသိမ်းပိုက်နိုင်အောင် ကြိုးစားရဦးမှာပါ။ အဲဒီတော့ စစ်ရေးအဆင့်တွေ ကျန်ရှိနေသေးတဲ့အတွက် KNU တစ်ဖွဲ့တည်းနဲ့တော့ နေပြည်တော်ကို ဦးတည်ထားတာ မှန်သော်လည်း သိမ်းပိုက်နိုင်ဖို့က တခြားအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေပေါ်မှာ မူတည်တယ်လို့ ကျွန်တော်က သုံးသပ်ပြောဆိုလိုပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေနဲ့ စိုးမိုးနယ်မြေတွေထဲက ပဲခူးတိုင်းနဲ့ ရှမ်း – ကယားနယ်စပ်တို့ဟာ စစ်ကောင်စီဌာနချုပ် နေပြည်တော်နဲ့ဆို မိုင် ၇၀ ကနေ ၁၀၀ ကျော်လောက်သာ ဝေးတော့တဲ့ အခြေအနေပါ။

ဒါကြောင့် စစ်ကောင်စီဟာ နေပြည်တော်ဌာနချုပ်နဲ့ အနီးစပ်ဆုံး စစ်နယ်မြေတွေအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အင်အားအလုံးအရင်းသုံးပြီး လက်နက်ကြီးအပြင် လေကြောင်းပစ်ကူတွေနဲ့ပါ တန် ပြန်တိုက်ခိုက်နေရတာဖြစ်ပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ နေရာပေါင်းစုံမှာ အ ရေးနိမ့်နေတဲ့အတွက် နေပြည်တော်ကို နောက်ဆုံးခံစစ်အဖြစ် ပြင်ဆင်တာတွေ ရှိပေမယ့် စစ်ရေးအရ တန်ပြန်တိုက်စစ်ဆင်ဖို့ အကန့်အသတ် ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီက စစ်ရေးအရ နေရာပေါင်းစုံမှာ အရေးနိမ့်နေတယ်လို့ပဲ ကျွန်တော်တို့ ပြောရမှာပေါ့။ သူတို့အ‌ေနနဲ့ နောက်ဆုံးခံစစ်ကို ပြင်ထားရမယ့် အခြေအနေကို ရောက်နေပြီ။ သူတို့ရဲ့ရှေ့မှာ ကာထားတဲ့ ခံစစ်စည်းတွေ တဖြည်းဖြည်းပြိုကျလာတာကိုလည်း သေချာကို တွေ့မြင်နေရတယ်။ အဲဒီတော့ စစ်ကောင်စီက နေပြည်တော်နဲ့ အနီးတဝိုက်ဒေသတွေမှာ ခံစစ်ကိုတော့ အသေအချာ ပြင် ဆင်နေတယ်။ သူတို့အတွက် တန်ပြန်တိုက်စစ်ဆိုတဲ့ ရည်ရွယ်ချက်က နည်းနည်းလေးတော့ အကန့် အသတ်ရှိနိုင်တယ်။ ဘာလို့ဆို သူတို့ရဲ့ တပ်တွေလှုပ်ရှားနိုင် တဲ့အခြေအနေက ဆိုးဝါးနေတယ်။ ဗျူ ဟာပိုင်း၊ စွမ်းရည်ပိုင်း၊ စိတ်ဓာတ်ပိုင်းတွေမှာ တော်တော်ဆိုးဝါးနေတဲ့အတွက် ခံစစ်ကနေ တိုက်စစ်ဆိုတဲ့ ပုံစံကတော့ နည်းနည်းလေးခက်ခဲနေတဲ့ ပုံစံရှိတယ်လို့ ကျွန်တော်မြင်ပါတယ်”လို့ ဆိုပါတယ်။

တစ်ဖက်မှာ တပ်အင်အားပြုန်းတီးမှုကို ဖြည့်တင်းနိုင်ဖို့ စစ်အာဏာရှင်ဟောင်း ဦးသန်း‌ရွှေလက် ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းလိုက်ပြီး တပ်အင်အား ၆၀,၀၀၀ ဝန်းကျင် လျာထားတယ်လို့ စစ်ကောင်စီက ထုတ်ပြောထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က‌တော့ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ လမ်းများအားလုံး နေပြည် တော်သို့ဆိုပြီး ကြွေးကြော်ထားသလို ၂၀၂၄ ခုနှစ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းမယ့် မှတ်တိုင်နှစ်အဖြစ် မဟာမိတ်တွေနဲ့အားလုံး အတူတကွ အစွမ်းကုန်ပူးပေါင်းသွားဖို့ အသင့်ဖြစ်နေပြီလို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *