စစ်ရေးအရှိန်မြှင့်မည်ဖြစ်၍ ကလေးမြို့ခံများရှောင်ရှားကြရန် ခရိုင်(ပကဖ) သတိပေး

အရပ်သားတစ်ဦးကို စစ်ကောင်စီ ယနေ့ ထပ်မံပစ်ခတ်သတ်ဖြတ်

စစ်ရေးအရှိန်အဟုန်တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် ကလေးမြို့ဒေသခံများ အသက်အိုးအိမ်စည်းစိမ်ထိခိုက်နစ်နာမှုများ မဖြစ်စေရေး မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရှောင်ရှားကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်လိုက်သည်။

အထက်ပါသတိပေးချက်ကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ရက်)တွင် ထုတ်ပြန်အသိပေးထားခြင်းဖြစ်သည်။

“လိုအပ်ချက်အရ သတိပေးထုတ်ပြန်တာဖြစ်ပါတယ်။ ပြည်သူတွေ အထိအခိုက်တွေ မဖြစ်စေဖို့ လိုက်နာကြဖို့ ထပ်မံတိုက်တွန်းပါတယ်” ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် တစ်ဦးက ပြောသည်။

” မိမိတို့တော်လှန်ရေးမဟာမိတ် အင်အားစုများသည် ယနေ့မှစ၍ ကလေးမြို့ပတ်ဝန်းကျင်နှင့် ကလေးမြို့အတွင်းသို့ စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် ကလေးမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် မလိုလားအပ်သည့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ ထွက်ခွာ၍ အမြန်ဆုံး ရှောင်ရှားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်”ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်၌ ဖော်ပြထားသည်။

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)လက်အောက်ခံ တပ်ဖွဲ့ဝင်များ ရှိသော စက္ကန့်ရွာ၊ ကံကြီးရွာ
နှင့် ကံသာရွာတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၁ရက်မှစတင်တိုက်ခိုက်ပြီးနောက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။

ယမန်နေ့က ကလေးမြို့တက္ကသိုလ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်မှုအတွင်း Non CDM ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသားများအပါအဝင် ၁၄၀ ကျော်ကို ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ကယ်ထုတ်ကာ ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့သည်။

စစ်ကောင်စီသည် ကလေးမြို့ ဒကစမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ယနေ့နေ့လယ်ပိုင်းတွင်လည်း လက်နက်ကြီးပစ်ခတ်သံများကြားနေရကြောင်းဒေသခံများက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ကလေးမြို့၊ စမ်းမြို့ဘုန်းကြီးကျောင်းရှေ့၌ ဒေသခံသုံးဘီးယာဉ်မောင်းတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၁ရက်မှ စတင်သည့်တိုက်ပွဲအတွင်းတွင်လည်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံခြောက်ဦးသေဆုံးခဲ့သည်။

လတ်တလောတွင် အခြေအနေကိုချိန်ဆ၍ ဘေးလွတ်ရာသို့အချိန်မီတိမ်းရှောင်ကြရန်နှင့် မတိမ်းရှောင်နိုင်သေးခင်၌ အိမ်ထဲ၌သာနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနေသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ကလေး PDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *