တာချီလိတ်အွန်လိုင်းလောင်းကစားဖမ်းဆီးခံရသူတွေထဲ စစ်တပ်မိသားစုတွေလဲပါ

မိဘရတဲ့လစာနဲ့ မလောက်လို့အလုပ်ထွက်လုပ်ရတယ်လို့ဆို

တာချီလိတ်မြို့က အွန်လိုင်းလောင်းကစားလုပ်ငန်းဖမ်းဆီးခံရမှုမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၅၄၀ထဲမှာ တာချီလိတ် နယ်မြေခံတပ်ရင်းတွေထဲက စစ်တပ်မိသားစုဝင်တွေလည်းပါဝင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အွန်လိုင်းလောင်းကစားလုပ်ငန်းမှာ လုပ်ကိုင်တဲ့တာချီလိတ်နယ်မြေခံတပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၅၉၊ ခလရ ၃၃၁နဲ့ ခလရ ၅၂၆ တပ်တွေက စစ်တပ်မိသားစုဝင်တွေလည်း ဖမ်းဆီးခံထားရပြီး တာချီလိတ်ဗျူဟာမှူလည်း အဲဒီကိစ္စကြောင့် အကြပ်ရိုက်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“ကလေးတွေက သူတို့အဖေရတဲ့လစာနဲ့ မလောက်တော့ အပြင်ထွက်ရှာရ၊ အခုတော့ အဖမ်းခံရ။ ဗျူဟာမှူးလည်း တိုင်ပတ်နေပြီ၊ ဘယ်လိုရှင်းမလဲ မသိဘူး” လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ရက် က စစ်တိုင်းမှူးအစီအစဉ်နဲ့ ဖမ်းဆီးခဲ့တဲ့ အဲဒီအွန်လောင်းလောင်းကစားလုပ်ငန်းမှာ ဖမ်းမိသူ ၆၈၉ ဦးအနက် ထိုင်းနိုင်ငံသား ၁၄၈ ဦးကို ပြစ်ဒဏ်ကျခံပြီးမှ နေရပ်ပြန်ပို့မှကို စဉ်းစားမယ်ဆိုတာကြောင့် မြန်မာနိုင်ငံသားလူငယ် အများစုပါဝင်တဲ့ ဖမ်းဆီးခံ ၅၄၀ ဦးကို ပြန်လွှတ်ပေးဖို့မရှိဘဲ ပြစ်ဒဏ်ကျခံစေမယ့်အနေအထား သက်ရောက်နေတယ်လို့ မိသားစုတွေထံကနေ သိရပါတယ်။

“ပထမတော့ ဘတ် ၃ ၄ သောင်းပေးရင် လွှတ်မယ်ဆိုတဲ့အသံတွေကြားရပေမယ့် ခုအတိုင်းဆို ပြန်လွှတ်ပေးမယ် မထင်တော့ဘူး။ ခုက ကျားဖြန့်တွေ ထပ်ဖမ်းနေတဲ့အပြင် ထိုင်းတွေတောင် ပြစ်ဒဏ်ချပြီးမှ လွှဲပေးမယ်ဆိုတော့လေ။ ဒါပေမယ့် ပြစ်ဒဏ်က ငွေဒဏ်လဲဖြစ်နိုင်တာမလို့ အဲလိုဆိုရင်တော့ တာချီလိတ်ကကလေးတွေ ငွေဒဏ်လောက်နဲ့ပြီးသွားနိုင်တယ် မျှော်လင့်ရတာပဲ” လို့ တာချီလိတ်ဒေသခံ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။

အဲဒီလိုဖမ်းဆီးမှုတွေနောက်ပိုင်းမှာ တာချီလိတ်မြို့ဟာ အရောင်းအဝယ်လုပ်ငန်းတွေ ရောင်းမကောင်းတော့ဘဲ ဈေးသည်တွေလည်း ငြီးငြူနေတယ်လို့ မြို့ခံအမျိုးသမီး ၁ဦးက ပြောပါတယ်။

“တာချီလိတ်က အဓိကက မူးယစ်ဆေးနဲ့ လောင်းကစားပဲရှိတာ။ အလုပ်အကိုင်အခွင့်အလမ်းနည်းတယ်။ ဖျော်ဖြေရေးလုပ်ငန်းတွေရှိတယ်ဆိုပေမယ့် အခုလိုဖမ်းနေတော့ ဘယ်သူကလာတော့မလဲ။ ကောလင်းတို့ ထန်တလန်တို့လို ဗုံးကြဲမခံရပေမယ့် တာချီလိတ်လဲ မြို့ပျက်နေပြီ” လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၃ရက် အွန်လိုင်းလောင်းကစားလုပ်ငန်းကို ဖမ်းဆီးပြီးတဲ့နောက်မှာ ဖေဖော်ဝါရီလ ၂၅ရက်ကလည်း ကျားဖြန့်လုပ်ငန်းတစ်ခုကို ထပ်မံဖမ်းမိပြီး တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းမိခဲ့ပါတယ်။

တာချီလိတ်မြို့မှာ အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ ကျားဖြန့်လုပ်ငန်းတွေ ရောနှောတည်ရှိနေပြီး အွန်လိုင်းလောင်းကစားလုပ်ငန်းဟာ ကျားဖြန့်လုပ်ငန်းနဲ့မတူဘဲ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းကို အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုတယ်လို့ ဒေသခံတွေက လက်ခံထားတာ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *