ဖားကန့်၊ တာမခံရှိ ခမရ ၁၁၉ စစ်တပ်ကုန်းကို KIA ဦးဆောင်သော တော်လှန် ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေစဉ် စစ်တပ်က လက်နက်ကြီးများဖြင့် တစ်ညလုံး ပစ်ခတ်

ကချင်ပြည်နယ်၊ ဖားကန့်၊ တာမခံရှိ ခမရ ၁၁၉ စစ်တပ်ကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေစဉ် စစ်တပ်က လက်နက်ကြီးများဖြင့် တစ်ညလုံး ပစ်ခတ်နေခဲ့ကြောင်း ဒေသပြည်သူများကပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ဖားကန့်မြို့နယ်၊ တာမခံကျေးရွာရှိ ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်များက အားသာပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံခဲ့ကြောင်း၊ ဖားကန့်မြို့နယ်၊ တာမခန် ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ ခမရ ၁၁၉ စခန်းကုန်းကို ဆက်လက် တိုက်ခိုက်ခဲ့ရာ ယမန်နေ့ တစ်ညလုံး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ဖားကန့်ဗျုဟာကုန်းကနေ တာမခံဘက်ကို လက်နက်ကြီးတွေနဲ့ တစ်ညလုံးလှမ်းပစ်နေတာ။ ကောင်းကင်မှာ လက်နက်ကြီးတွေ သွားနေတာမြင်ရတယ်။ အတွဲလိုက်ဒုံးတွေပါ သုံးနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တာမခန် ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ရဲစခန်းကို မီးရှို့ရှင်းကာ အကြမ်းဖက် စစ်တပ် စခန်းကို ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းတို့ကို KIA ၊ PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် မရပ်မနား ပစ်ခတ် ခုခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *