ရန်ကုန်မြို့ပေါ် သွားလာနေသော ပြည်သူ၈၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီးဟုဆို

ရန်ကုန်မြို့ပေါ် သွားလာနေသော ပြည်သူ၈၀ဝန်းကျင်ကို ဖေဖေါ်ဝါရီဒုတိယပတ် အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ယနေ့နံနက်ပိုင်းအထိ ပြန်မလွှတ်သေးကြောင်း သိရသည်။

ယင်း ပြည်သူ ၈၀ ဝန်းကျင်မှာ ဖေဖော်ဝါရီ ၇ရက်နေ့မှ ၁၃ရက်နေ့အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကာ အများစုမှာ လူငယ်များဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့၂ဖွဲ့က စုံစမ်းထောက်လှမ်းပြုစု ထားချက်အရသိရသည်။

“ဒီလ ၇ရက်နေ့ကနေ ၁၃ရက်နေ့အတွင်း ဖမ်းဆီးခံရသူက ၇၅ဦးနဲ့ ၈၀ကြားမှာတွေ့ရတယ်။ဒါက ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းတာမဟုတ်ဘဲ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် အဖမ်းခံရတဲ့ ပြည်သူတွေစာရင်းပါ”ဟု စမ်းချောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော် Black Ice က ပြောသည်။

ယင်းဖမ်းဆီးခံရသူများသည် လှိုင်၊တိုက်ကြီး၊မရမ်းကုန်း၊အင်းစိန်၊မြောက်ဒဂုံ၊သန်လျင်၊လှိုင်သာယာ၊သင်္ဃန်းကျွန်း၊တာမွေ၊ကမာရွတ်၊ကျောက်တံတားနှင့် အလုံမြို့နယ်တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

“ထူးခြားဖြစ်စဉ်အနေနဲ့က တိုက်ကြီးမှာ လူငယ်တစ်ဦး ၅၀၅(က)နဲ့အဖမ်းခံရတယ်။သန်လျင် မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဦဖိုးသိန်းလမ်းမှာ မိသားစုလိုက် ၆ဦးအဖမ်းခံရတယ်။၈ရက်နေ့က မရမ်းကုန်းက အမျိုးသမီးတစ်ဦးကို ဖမ်းပြီး ရေကြည်အိုင်ဘက်(စစ်ကြောရေး)ကို ပို့တာမျိုးရှိတယ်။နောက်တစ်ခုက လှိုင်သာယာ ၁ထိပ်လမ်းဆုံမှာ ၁၀ရက်ရော ၁၁ရက်နေ့ရော စုစုပေါင်း လူငယ် ၄ဦး အဖမ်းခံရတယ်။ဆိုင်ကယ်စီးလာတာကို ဆင်းခိုင်းပြီး လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတာ”ဟု စမ်းချောင်းမြို့နယ် ပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာက ပြောသည်။

အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများအဖြစ် ဖေဖေါ်ဝါရီ၉ရက်တွင် အင်းစိန်မြို့နယ်၌ လူငယ် ၁၀ဦး၊ဖေဖေါ်ဝါရီ၁၁ရက်တွင် သင်္ဃန်းကျွန်း မြို့နယ် ၌ ပြည်သူ၁၇ဦး၊ ဖေဖေါ်ဝါရီ၁၂ရက်တွင် သာကေတမြို့နယ်၊၇ဈေးအနီး၌ လူငယ် ၁၀ဦးနှင့် ဖေဖေါ်ဝါရီ၁၃ရက်တွင် တောင်ဒဂုံစက်မှုဇုန်-၂ အတွင်း လူငယ် ၁၅ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ပြီးတော့ မရမ်းကုန်း ၁ရပ်ကွက် ၊ စျေးဘူတာနားမှာ ၁၈နှစ်ပြည့်ရင် မတ်တပ်ရပ်ဆိုပြီး လူငယ်အများအပြားကို ဖမ်းခေါ်သွားတယ်။ဒါကတော့ လူစာရင်းအတိအကျမဖော်ပြနိုင်သေးဘူးပေါ့”ဟု ရဲဘော် Black Ice က ပြောသည်။

ဖေဖေါ်ဝါရီ၁၂ရက်နှင့် ၁၃ရက်တို့တွင်လည်း မြောက်ဒဂုံနှင့် မြောက်ဥက္ကလာပ မြို့နယ်၌ ဘောလုံးကန်ပြီး ပြန်လာသည့် လူငယ် ၁၂ ဦးထက်မနည်းကိုစစ်တပ်က ဖမ်းဆီးကာ တစ်ဦးလျှင် ကျပ်တစ်သိန်းတောင်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *