ထိုင်းနိုင်ငံ၌ မတ်လ ၂ ရက်တွင် မြန်မာ့အရေး ဆွေးနွေးပွဲပြုလုပ်မည်

ထိုင်းနိုင်ငံတွင် မြန်မာ့အရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ – NUG အပါအဝင် ဒီမိုကရေစီအင်အားစုများ နှင့် ထိုင်းနိုင်ငံက တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးကြမည်ဟု ထိုင်း – မြန်မာအရေးလေ့လာစောင့်ကြည့်သူများထံ က သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ လူမှုအဖွဲ့အစည်းများ၊ သတင်းဌာနများ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် စစ်ဘက်အရာရှိများ၊ ပညာရှင်များ၊ ပါတီကိုယ်စား လှယ်များ၊ လွှတ်တော်အမတ်များနှင့် IOM၊ UN စသည့် နိုင်ငံတကာအဖွဲ့အစည်းများကကိုယ်စားလှယ်များ လာ မည့် မတ်လ ၂ ရက်နှင့် ၃ ရက်များတွင် မြန်မာ့အရေးအတွက် ထိုင်းနိုင်ငံ၌ တရားဝင်ဆွေးနွေးပွဲ ပြုလုပ်ကြမည် ဖြစ်သည်။

ဆွေးနွေးပွဲစတင်သည့် မတ်လ ၂ ရက် ပထမနေ့တွင် ဆွေးနွေးပွဲဖြစ်လာရန် အဓိကစီစဉ်ဆောင်ရွက်သည့် ဖတ်ကောင်းကိုင်ပါတီ နိုင်ရာစီမံ က အစီအစဉ် ၁ အဖြစ် ဆွေးနွေးပွဲတက်ရောက်လာသူများကို ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောမည်ဟု သိရသည်။

ဆွေးနွေးပွဲပထမနေ့တွင် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ KNU ကိုယ်စားလှယ်၊ ရှမ်းအဖွဲ့ကိုယ်စား လှယ်နှင့် ထိုင်းအရာရှိများက ၁ နာရီကြာဆွေးနွေးသွားမည်ဖြစ်ပြီး မတ်လ ၃ ရက် ဒုတိယနေ့တွင် တိုင်းရင်းသား အဖွဲ့အစည်းခေါင်းဆောင်များ၊ ရန်ကုန်ကျောင်းသားသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများ အွန်လိုင်းကတဆင့် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်ဟု ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်ဆန်းယု က သံလွင်ခက်ကိုပြောသည်။

“ဒီမိုကရေစီအင်အားစုတွေကတော့ တော်တော်များများပါတယ်လို့ပြောလို့ရတယ်။ section လိုက် ဆွေးနွေးပွဲတွေ ရှိတယ်” ဟုပြောသည်။

အစီအစဉ် ၂ အဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နုကာရာ ကအဖွင့်မိန့်ခွန်းပြောမည်ဖြစ်ပြီး အစီအစဉ် ၃ တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ပြောကြားသွားမည်ဖြစ်သည်။

အစီအစဉ် ၄ ဖြစ်သည့် အချိန် ၁ နာရီကြာမြင့်မည့် Panel Discussion ဆွေးနွေးခြင်းကဏ္ဍတွင် NUG နိုင်ငံခြားရေးဝန်ကြီးနှင့် KNU ကိုယ်စားလှယ်တို့ “Navigating the Political Landscape” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးကြမည်ဟု သိရသည်။

နောက်ထပ် အစီအစဉ်များတွင်လည်း ထိုင်းစစ်တပ်ကအရာရှိများ ပါဝင်ဆွေးနွေးသွားမည်ဖြစ်သလို စီးပွားရေး ကဏ္ဍမှာတော့ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ ဖမ်းဆီးအကျဥ်းချခြင်းခံခဲ့ရဖူးသူ မစ္စတာ ရှောင်တာနယ်လ် ၊ လူ့အခွင့်အရေးကဏ္ဍအတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအကြံပေးပုဂ္ဂိုလ် သောမတ်အင်ဒရူး နှင့် IOM ကိုယ်စားလှယ်တို့ ပါဝင်ဆွေးနွေးကြကာ ဒုတိယနေ့ အပိတ်မိန့်ခွန်းကိုတော့ ထိုင်း လက်နက်ကိုင်တပ်များ၏ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောင်ဝိက ပြောကြားသွားမည်ဖြစ်သည်ဟု သိရသည်။

မြန်မာပြည်သူများကို ပိုမိုကူညီသွားမည်ဟု ထိုင်းအစိုးရက ပေါ်လစီများချမှတ်လိုက်သော်လည်း လွန်ခဲ့သည့် တစ်ပတ်အတွင်း၌ပင် ထိုင်းနိုင်ငံမဲဆောက်မြို့အတွင်း စစ်ဆေးရေးများတင်းကြပ်ကာ ဈေးဆိုင်တွင်းအထိ ဝင်ရောက်ဖမ်းဆီးမှုများရှိခဲ့သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်း ကဆိုသည်။

“ထိုင်းအစိုးရအသစ်က အရပ်သားအစိုးရဖြစ်တဲ့အတွက် ပြည်သူတွေဘက်ကို ပိုပြီးပါမယ့် အနေအထား ရှိလောက် တယ်။ သို့သော်လည်း သူတို့ကြားမှာလည်း အချင်းချင်းအားပြိုင်မှုလိုဟာမျိုးရှိမလား မပြောတတ်ဘူးပေါ့နော်။ ပေါ်လစီအသစ်တွေကို အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင် အပြောင်းအလဲကာလလည်းရှိတော့ နောက် ၄၊ ၅၊ ၆‌ လလောက်နေရင်တော့ မြန်မာပြည်သူတွေအတွက် ထိုင်းမှာ တစ်ခုခုအ‌ကောင်အထည်ပေါ်လာဖို့ မျှော်လင့်ပါ တယ်” ဟုဆိုသည်။

အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC အတွင်းရေးမှူး-၂ ဦးဗညား ကိုလည်း ဖိတ်ကြားခဲ့ပြီး ဖိတ်ကြားမှုအတွက် ဂုဏ်ယူအသိအမှတ်ပြုသော်လည်း တက်ရောက်ဖြစ်မည်မဟုတ်ဟု ဆိုသည်။

“ထိုင်းအစိုးရက လက်ရှိသွားနေတဲ့ ပေါ်လစီကိုကြည့်ရင်ရှင်းပါတယ်။ ထိုင်းနယ်စပ်နဲ့ထိစပ်နေတဲ့ မည်သည့် အစုအဖွဲ့မဆို၊ ထိုင်းနိုင်ငံရေးအခင်းအကျင်းကို ကောင်းကောင်းသိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပွဲကို အသိအမှတ် ပြုတယ်။ လေးစားတယ်။ ဂုဏ်ယူတယ်။ ဒါပေမယ့် တက်ရောက်ဖြစ်မှာမဟုတ်ဘူး” ဟုဆိုသည်။

ထိုင်းနိုင်ငံကိုရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ၏ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဂရုတစိုက်ကြပ် မတ်စောင့်ကြည့်နေပြီး လိုအပ်ပါက ထိန်းသိမ်းဆောင်ရွက်နိုင်သော မူဝါဒများချမှတ်ထားသည်ဟု ထိုင်းကာကွယ် ရေးဝန်ကြီး ဆူတင် ကလန်ဆန် က ပြီးခဲ့သည့် ရက်ပိုင်းတွင်ပြောကြားခဲ့သည်။

စစ်ကောင်စီကပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်ပေးရန် ထိုင်းအတိုက်အခံပါတီဖြစ်သည့် FAIR ပါတီက လွှတ်တော်အမတ် ၁ ဦးက ထိုင်းအစိုးရကို တောင်းဆိုထားသည်။

ပုံစာ – ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နုကာရာ နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *