အကြမ်းဖက် စစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း အသုံးပြုပြီး လူငယ်များ စစ်မှုထမ်းကြရန် ဝါဒဖြန့် စည်းရုံးလှုံ့ဆော်

အကြမ်းဖက်စစ်ကောင်စီက လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကို အသုံးပြုပြီး လူငယ်များ စစ်မှုထမ်းကြရန် ဝါဒဖြန့် စည်းရုံးလှုံ့ဆော်လျက်ရှိကြောင်း ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းမှ ပြည်သူများကပြောဆိုသည်။

စစ်ကောင်စီက လူငယ်များ မဖြစ်မနေ စစ်မှုထမ်းကြရန်အတွက် တက္ကသိုလ်များ၊ ကျောင်းများ၊ လူထုတွေ့ဆုံပွဲများကို ဆက်တိုက် ခေါ်ဟောပြော လှုံ့ဆော်မှုများ လုပ်ဆောင်နေပြီး ယင်းသို့ ဟောပြော လှုံ့ဆော်ရာတွင် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို ဖွင့်ပြခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်ကို အနစ်နာခံသော စစ်သားကောင်းများ အဖြစ် တိုင်းပြည်ကို ကာကွယ်ကြရန် စည်းရုံးလှုံ့ဆော်နေကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူတိုင်း စစ်မှုထမ်းရေး ဝါဒဖြန့် လက်ကမ်းကြော်ငြာစာရွက်များကိုလည်း ဖြန့်ဝေလျက်ရှိပြီး ယင်းစာရွက်များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို အသုံးပြု ဖော်ပြ ဝါဒဖြန့် စည်းရုံးလှုံ့ဆော်နေကြောင်း သိရှိရသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပခဲ့သည့် လူထုအစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့သည့် မိန့်ခွန်းထဲမှ တချို့ကို ကောက်နုတ်ဖော်ပြပြီး စစ်ကောင်စီက ပြည်သူများ စစ်မှုထမ်းကြရန် လှုံ့ဆော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျုပ်တို့တိုင်းပြည် အစိုးရ လုပ်တဲ့လူတွေက တိုင်း ပြည် ကာကွယ်ဖို့အတွက် ဗမာပြည်မှာ စစ်သားတွေ နည်းနေတယ်ဆိုလို့ရှိရင် ဗမာတိုင်း အရွယ်ရောက်တဲ့လူမှန်သမျှ ကျန်းမာတဲ့လူမှန်သမျှ စစ်မှု မထမ်းမနေရဆိုပြီးတော့ အတင်းဥပဒေနဲ့ စစ်ထဲကို ထည့်ရလိမ့်မယ်။ အဲဒါမျိုး လုပ်တန် လုပ်ရလိမ့်မယ်။ နှစ်နှစ်တန်သည် သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ်။ ဝင်ပြီးတဲ့နောက် စစ်ဖြစ်တဲ့အခါမှာ ဝင်တိုက်ရမယ်ဆိုတာ ခင်ဗျားတို့ တိုက်ချင်တိုက်ချင်၊ မတိုက်ချင်မတိုက်ချင် ဝင်တိုက်ရမှာပဲ။ အဲဒါကလည်း တာဝန်ပဲ။ ဒါဟာ လွတ်လပ်ရေးရတဲ့အခါမှာ ဖြစ်ရမယ့် တာဝန်မျိုးပဲ” ဟု ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ်တွင် ဟောပြောခဲ့သည့် မိန့်ခွန်းကို စစ်ကောင်စီက ဝါဒဖြန့် ကြော်ငြာ လက်ကမ်းစာစောင်များတွင် ဖော်ပြ အသုံးပြုနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းကြောင်း ကြေညာပြီး ဧပြီလမှစတင်၍ ပြည်သူများကို စစ်မှုထမ်းရန် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *