နေပြည်တော်မှာ ဧည့်စာရင်းမတိုင်လျှင် ထောင် ၆ လအထိ ချနိုင်တဲ့ အမိန့်ထုတ်ပြီး လုံခြုံရေးတင်းကျပ်

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော် မြို့နယ်တွေမှာ ဧည့်စာရင်း မတိုင်လျှင် အိမ်ရှင်ရော ဧည့်သည်ပါ ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ ဥတ္တရသီရိမြို့နယ် ကျေးရွာတစ်ခုမှ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ့ ဒေသန္တရအမိန့်ကို ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့ လိုက်လံ‌ သတိပေးနေကာ ဧည့်စာရင်းကို တင်းတင်းကျပ်ကျပ်စစ်ဖို့လည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

“ရပ်ကွက်တိုင်း ရွာတိုင်းမှာ နေ့တိုင်းလော်နဲ့ လိုက်လှည့်အော်နေတာ။ ဧည့်သည်လာရင် ဧည့်စာရင်းတိုင်ဖို့ မတိုင်ရင် အိမ်ရှင်ရော ဧည့်သည်ပါ ထောင် တစ်လကနေ ခြောက်လထိ ချလို့ရတယ်ဆိုပြီး” လို့ ပုဗ္ဗသီရိမြို့နယ် ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်သား၊ ရဲ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ ရက်တိုစစ်သင်တန်းပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေက နေ့တိုင်းနီးပါး ဧည့်စာရင်းလိုက်လံစစ်ဆေးနေပြီး ဧည့်စာရင်းလုံးဝ မတိုင်တဲ့သူတွေကို ရုံးတင်အမှုစွဲ၊ ရက်ကျော်တဲ့သူတွေကိုတော့ ဒဏ်ငွေနှစ်သောင်းကနေ တစ်သိန်းအထိ တောင်းတာတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဧည့်စာရင်းတိုင်ကြားတဲ့နေရာမှာလည်း အရင်ထက် ပိုတင်းကြပ်လာပြီး အိမ်ငှားနေသူတွေကို အိမ်ငှားစာချုပ်ပြခိုင်းတာ၊ မွေးသက္ကရဇ်နဲ့ အခြားအချက်အလက်တွေ ဖြည့်ခိုင်းတာ၊ ဧည့်စာရင်းမှာ ပါတဲ့သူအားလုံးကို ဓာတ်ပုံရိုက်ပြီး စာအုပ်ရဲ့ ရှေ့မျက်နှာဖုံးမှာ ကပ်ထားရတာတွေ လုပ်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ယာယီလာရောက်တည်းခိုလို့ ဧည့်စာရင်းတိုင်ကြားသူတွေကိုတော့ လူကိုယ်တိုင် ရပ်ကွက်ရုံးကို ခေါ်လာခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

ယင်းသို့ နေ့စဥ်ရက်ဆက်ဧည့်စာရင်းစစ်ဆေးခြင်းနဲ့ ပတ်သက်လို့ “နေ့စဥ်လူမှုဘဝ၊ လူမှုစီးပွားဘဝ လုံခြုံအေးချမ်းစွာ နေထိုင်သွားလာ လှုပ်ရှားနိုင်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ဧည်စာရင်း စစ်ဆေးမှုများရှိပါကြောင်း” လို့ နေပြည်တော် ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦးက ဖေဖော်ဝါရီ ၂၉ ရက်က လယ်ဝေးမြို့နယ်မှာ ပြုလုပ်တဲ့ စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေး‌နွေးပွဲမှာ ပြောသွားပါတယ်။

စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းယူပြီး ၁၃ ရက်အကြာမှာပဲ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဌာန်းပြီး NLD အစိုးရ လက်ထက်က ပယ်ဖျက်ထားခဲ့တဲ့ ဧည့်စာရင်း စနစ်ကို ပြန်လည် အသက်သွင်းခဲ့တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *