ပဲခူးမြို့မှာ စံချိန်တင်ရေကြီးပြီး ဒေသခံတွေ ပိတ်မိနေ

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၈ ရက်စလို့ ရုတ်တရက်ရေကြီးမှုဖြစ်ပြီးတဲ့နောက် ဒီနေ့အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ နေအိမ်တွေမှာ ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၈ ရက်အစောပိုင်းမှာ ရေတွေ ရုတ်တရက်တက်လာခဲ့တာလို့ဒေသခံတွေက ပြောပါတယ်။

မိုးများတာနဲ့ ပဲခူးမြစ်ရေ မြင့်တက်လာတာတွေကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ၈ ပေလောက်အထိ ရေတက်နေပြီး ဒေသခံတွေဟာ ရေမြုပ်နေတဲ့ အိမ်တွေပေါ်မှာပဲ နေထိုင်နေရလို့ အကူအညီတွေ လိုအပ် နေတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့ မှော်ကန် ၁၇ လမ်းမှာ နေထိုင်သူတစ်ဦးကတော့ ‘‘အိမ်မှာ အောက်ထပ်တစ်ထပ်လုံး မြုပ်သွားပြီ။ အိမ်က အမျိုးသမီး၊ အဖေ၊ အမေနဲ့ ကလေးတွေကို ‌ဘေးလွတ်ရာပြောင်းဖို့ လှေ အကူအညီတောင်း ထားတာ မနေ့ကတည်းကပဲ။

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ လှေရရင် ဦးစားပေး လာခေါ်ပေးမယ်လို့ ပြောတယ်’’ဆိုပြီး ဒီနေ့ မနက်ပိုင်းမှာပဲ ပြောပါတယ်။

ပဲခူးမြို့တောင်ပိုင်းက ရေကြီးမှော်ကန်လမ်းတစ်လျှောက်က နေအိမ်တွေမှာနေထိုင်သူတွေဟာ နေအိမ်မြင့်တဲ့နေရာတွေမှာရွှေ့ပြောင်း နေထိုင်နေရလို့ သောက်ရေနဲ့ စားစရာအခက်တွေ့နေရတယ်လို့လည်း သိရပါတယ်။

ပဲခူးမှာ အခုနှစ်အတွင်း ရေကြီးမှု ၄ ကြိမ်နီးပါးရှိပြီဖြစ်ပေမဲ့ အခုတစ်ကြိမ်က အဆိုးရွားဆုံးဖြစ်တယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။

ပဲခူးမြို့တွင်းကို ဖြတ်သွားတဲ့ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းလည်း ၂ နီးပါးခန့်ရေကျော်နေတာကြောင့် ယာဥ်ဖြတ်သန်းသွားလာတာတွေ ပိတ်ထားတယ်လို့ သိရပါတယ်။

ပဲခူးမှာ ခါတိုင်း အနိမ့်ပိုင်းအရပ်တွေမှာသာရေကြီးပေမဲ့ အခုနှစ်မှာ အမြင့်ပိုင်းမှာရှိတဲ့ ရွှေမှော်တော ဘုရားဘက် ရပ်ကွက်တွေမှာပါရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‘‘ဇိုင်းတောင်ရပ်ကွက်၊ ဇိုင်းမြောက်ရပ်ကွက်လို အနိမ့်ပိုင်းအရပ်တွေမှာ အခုတစ်ကြိမ် ပိုဆိုးတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း လှေတွေဘာတွေ သိပ်မထားတော့ အခုလို ရေကြီးလာတဲ့အချိန်မှာ ကူညီ‌ရေးအခက်တွေ့နေတယ်။ ကူညီရေးအသင်းတွေကတော့ လက်လှမ်းမီတဲ့နေရာတွေကို ထမင်းထုပ်တွေ ဘာတွေ ပို့ပေမဲ့ မရောက်တဲ့နေရာ မရောက်သေးဘူး’’’ လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။

မြို့ခံတွေကတော့ ပဲခူးမြို့မှာ အချိန်တိုတွင်း ရေမြင့်တက်လာတာဖြစ်လို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းဖို့ အချိန်မမီခဲ့တာကြောင့် ဆုံးရှုံးမှုတွေ ရှိတယ်လို့ ပြောပါတယ်။

မိုးလေဝသဌာနကတော့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်ထက် ၃ ပေနီးပါး ကျော်လွန်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *