စစ်အုပ်စုက လှတောရွာကို စီးနင်းသောင်းကျန်းပြီး စျေးဆိုင်နဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီး၊
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မန္တလေး – ရွှေဘိုကားလမ်းပေါ်က လှတောကျေးရွာ ရဲစခန်းထဲ အထိုင်ချနေတဲ့ စစ်အုပ်စုကို မနေ့က တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ခုနှစ်ယောက် သေပြီး PDF ရဲဘော်တစ်ဦး ကျဆုံးတယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၇) – Zero ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်
မနေ့ အောက်တိုဘာ(၁၁)ရက် ညနေ(၆)နာရီက စတင်ပြီး စစ်အုပ်စု အင်အား(၄၀) ရှိတဲ့ လှတော ရဲစခန်းကို စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သုံးနာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လှတောရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အပိုင်းသိမ်းဖို့ သွားရောက် တိုက်ခိုက်ခဲ့ပေမယ့် မိုးရွာချိန် သေနတ်ရေဝင်တာ၊ ကျည်မလုံလောက်တာတွေကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦးကပြောပါတယ်။
လှတောရဲစခန်းကို မြင်းခြံခရိုင်တပ်ရင်း (၇) – Zero ပြောက်ကျားတပ်ဖွဲ့၊ လှတောတိုက်နယ်အတွင်းက ပကဖ၊ ပအဖ၊ ဒေသခံ ပြည်သူကာကွယ်ရေး အဖွဲ့တွေ၊ ဆားတောင်မိုးကြိုးနဲ့ မဟာမိတ်တွေ၊ Zero power တပ်ပေါင်းစု စတဲ့ အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်
လှတောရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လှတောရွာကို စီးနင်းလုယက် အကြမ်းဖက်ကာ ပြည်သူပိုင် နေအိမ် သုံးလုံး၊ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်နဲ့ ဈေးတန်းက ဆိုင်ခန်း ငါးခန်းကို မီးရှို့ ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်
လှတောရဲစခန်းထဲက စစ်အုပ်စုဟာ လမ်းပေါ်တက်ပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲတာ၊ ဒေသတွင်း ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေတာလို့ ဆိုပါတယ်။
Leave a Reply