ရန်ကုန်မြို့လယ်ခေါင်တွင် ထမင်းကြော်စားရင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ဉာဏ်လွင်အောင်က North Gate Security Solutions Company Limited ကုမ္ပဏီ အမည်ဖြင့် စစ်လက်နက် ပစ္စည်းများ ဝယ်ယူပေးရန် စစ်ကောင်စီထံတွင် မှတ်ပုံတင်ထားခဲ့
ရန်ကုန်မြို့လယ်ခေါင်တွင် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီအချိန် ထမင်းကြော်စားရင်း ပစ်ခတ်ခံရပြီး သေဆုံးသည့် ဉာဏ်လွင်အောင်ကNorth Gate Security Solutions Company Limited ကုမ္ပဏီအမည်ဖြင့် စစ် လက်နက်ပစ္စည်းများ ဝယ်ယူပေးရန် စစ်ကောင်စီထံတွင် မှတ်ပုံတင်ထားကြောင်း စစ်တပ်ဘက်မှ ပေါက်ကြားလာသော သတင်းအချက်အလက်များအရ သိရှိရသည်။
သေဆုံးသူ ဉာဏ်လွင်အောင် ပိုင်ဆိုင်သည့် North Gate Security Solutions Company Limited က စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၂ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အောက်ရှိ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးတွင် စစ်တပ် သို့ ပစ္စည်းတင်သွင်းရောင်းချသည့်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသည်ကို တွေ့ရသည်။ ကုမ္ပဏီမှတ်ပုံ တင်ရာတွင် စစ်လက် နက်ပစ္စည်းများ၊ လေယာဉ်၊ ဟယ်လီကော်ပတာနှင့် လေကြောင်းဆိုင်ရာစက် ပစ္စည်းများ၊ ရေကြောင်းဆိုင်ရာစက်ပစ္စည်းများ၊ ဆက်သွယ်ရေးနည်းပညာပစ္စည်း များ အပါအဝင် ၎င်းညွှန်ကြားရေးမှူးရုံးက ခေါ်ယူထားသော အမျိုးအစားကဏ္ဌအားလုံးအတွက် ဝယ်ယူတင်သွင်းရန် မှတ်ပုံတင်ထားကြောင်း သိရှိရသည်။
စစ်တပ်ထံမှ ရရှိထားသော အချက်အလက်များအရ ဉာဏ်လွင်အောင်သည် စစ်ပစ္စည်းဝယ်ယူရေးညွှန်ကြားမှုဦးစီးဌာနအောက်တွင် North Gate Security Solutions Company Limitedကို မှတ်ပုံတင်ထားသည့်အပြင် North Gate Engineering and Technology Company Limited ၊ Well & Fair Environment Company Limited တို့ အပါအဝင် ကုမ္ပဏီ ၉ ခုကို ပိုင်ဆိုင်ထားကြောင်း၊ ဉာဏ်လွင်အောင် ပိုင်ဆိုင်သော ကုမ္ပဏီများတွင် Northern Diamond Company Limited ၊ Infiniti Clubhouse International Company Limited ၊ Nation Guard Security Company Limited ၊ Zarmani World Investment Company Limited၊ Prime Altitude Company Limited၊ Great Fire Wall Technology Company Limited တို့ ပါဝင်ကြောင်း သိရှိရသည်။
ထို့ပြင် ယာဉ်စစ်ဆေးခြင်းစနစ်များ ထုတ်လုပ်သည့် ရုရှားကုမ္ပဏီ Scantronic Systems သည် မြန်မာ စစ်တပ်က တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်း ဉာဏ်လွင်အောင် ပိုင်ဆိုင်သည့် Prime Altitude ကုမ္ပဏီထံ စက်ပစ္စည်းကိရိယာများ ရောင်းချခဲ့ကြောင်း၊ အဆိုပါပစ္စည်းများကို စစ်အုပ်စု ထိန်းချုပ်ထား သည့် ပြည်ထဲရေးဝန်ကြီးဌာနက အသုံးပြုဖွယ်ရှိကြောင်း Justice For Myanmar က ရေးသားဖော် ပြခဲ့သည်ကို တွေ့ရသည်။
ဉာဏ်လွင်အောင်သည် စစ်တပ်အာဏာသိမ်းမှုကို အပြည့်အဝထောက်ခံပြီး၊ ကာကွယ်ရေးဝန်ကြီးဌာန အတွက် ပစ္စည်းများ ဝယ်ယူပေးနေသူဖြစ်သည့်အတွက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Urban Owls မြို့ ပြပြောက်ကြားအဖွဲ့က ထုတ်ပြန်ခဲ့သည်။
Urban Owls အဖွဲ့၏ ထုတ်ပြန်ချက်တွင် “စစ်တပ်အသိုင်းအဝိုင်းထဲတွင် ကိုဉာဏ်ဟု အများက သိကြ သည့် ခရိုနီလက်သစ် ဉာဏ်လွင်အောင်သည် ကာကွယ်ရေးဝန်ကြီးဌာနအတွက် နာမည်ခံကာ ပစ္စည်းများ ဝယ်ယူပေးနေသလို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပြည်သူများအပေါ် ဖိနှိပ်ရန် ရည်ရွယ် ဆောင်ရွက်နေသည့် facial recognition ပါ CCTV များကိုလည်း တင်သွင်းတပ်ဆင်ပေးနေသူဖြစ်သည်။ ဉာဏ်လွင်အောင်သည် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အတားအဆီးမရှိ ဝင်ထွက်သွား လာနိုင်သူ လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မိမိကိုယ်ကို တပ်မတော်မိသားစုလုပ်ငန်းရှင်ဟုသာ ခံယူ ကြောင်း ထုတ်ဖော်ပြောဆိုထားသူဖြစ်သည်။ စစ်တပ်အာဏာသိမ်းခြင်းကို အပြည့်အဝ ထောက်ခံရုံသာ မက ၎င်း၏ ဝန်ထမ်းများကိုလည်း နံနက်ခင်းတိုင်း စစ်ကောင်စီ၏ သစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုခိုင်း သူဖြစ်သည်။ ရုရှားသို့ စစ်တပ်ကိုယ်စားလှယ်များနှင့်အတူ ခရီးသွားလေ့ရှိကာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးနှင့်လဲ ရင်းနှီးသူဖြစ်သည်။” ဟု ဖော်ပြခဲ့သည်။
ဉာဏ်လွင်အောင်နှင့်ပတ်သက်သော အကြောင်းအရာများကို Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့ရာတွင်လည်း “သေဆုံးသူ ဉာဏ်လွင်အောင်သည် အာဏာသိမ်းစစ်တပ်ကို အပြည့်အဝ ထောက်ခံသည့်အပြင် ရုရှားသို့ မြန်မာစစ်တပ်ကိုယ်စားလှယ်များ နှင့်အတူ ခရီးသွားခွင့်ရခဲ့သူဖြစ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနှင့်လည်း ရင်းနှီးသူ ဖြစ်ကြောင်း၊ စစ်တပ်အာဏာ သိမ်းခြင်းကို အပြည့်အ၀ ထောက်ခံရုံသာမက လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန် ရေး တပ်ဖွဲ့ဝင်များကို ဆဲဆိုခြင်း၊ ၎င်း၏ ဝန်ထမ်းများကို စစ်တပ် ၏ သစ္စာ အဓိဋ္ဌာန် ၄ ချက်ကို ရွတ်ခိုင်းသူဖြစ်ကြောင်း၊ အလားတူ Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့၏ ထောက်လှမ်းရရှိထားသော အချက်အလက်များအရ ဉာဏ်လွင်အောင်သည် မြန်မာနိုင်ငံအပြင် ထိုင်း၊ တရုတ်၊ ရုရှားနှင့် UAE နိုင်ငံများတွင် North Gate Engineering and Technology အမည်ဖြင့် လုပ်ငန်းခွဲများ ဖွင့်လှစ်ကာ ငွေကြေးခဝါချမှု ချောမွေ့စေရန် Well and Fair ပြည်ပခရီးသွားကုမ္ပဏီ တစ်ခုကိုလည်း ထူထောင်ထားကြောင်း” သိရှိရသည်။
Leave a Reply