စစ်ကိုင်းတိုင်း၊ကလေးမြို့လေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် လေယာဉ်ခရီးစဉ်များ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း ကလေးမြို့ခံနှင့် လက်မှတ်အရောင်းကိုယ်စားလှယ်များကပြောသည်။
ကလေးမြို့လေဆိပ်တွင် နိုဝင်ဘာ ၂၁ရက်(ယမန့်နေ့) နံနက် ၆နာရီခန့်က ပေါက်ကွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီကလေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
“လေယာဉ်ပြေးလမ်းမှာ ပေါက်ကွဲမှုဖြစ်တယ်။ ဒရုန်းနဲ့ ဗုံးသီးချခံရတယ်လို့ပြောတယ်။ လူထိခိုက်တာတော့မရှိဘူး။ လေဆိပ်ကိုတော့ မနေ့ကစပြီးအရေးပေါ်ပိတ်လိုက်တယ်”ဟု ကလေးလေဆိပ်နှင့်ပတ်သတ်သည့် သတင်းအရင်းမြစ်တစ်ခုကပြောသည်။
မည်သူက ၊မည်သည့်အဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်သည်ကိုမူ မသိရပေ။
လေယာဉ်လက်မှတ်အရောင်းဆိုင်များက လက်မှတ်ဝယ်ယူထားသူများကို လက်မှတ်အစားထိုးပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းနှင့် လေယာဉ်ခရီးစဉ်အသစ်အတွက်လက်မှတ်ရောင်းချခြင်းများကို ရပ်တန့်ထားရသည်ဟု လေယာဉ်လက်မှတ်အရောင်းဆိုင်မန်နေဂျာတစ်ဦးကပြောသည်။
“ကလေးလေဆိပ် ယာယီပိတ်ထားပါတယ်။ ဘယ်လေကြောင်းမှ ထွက်ခွာ/ဆိုက်ရောက် မရသေးပါဘူး။ လက်မှတ်ထုတ်ထားတဲ့ ခရီးသည်များ Refund (ငွေပြန်ထုတ်ရန်)အတွက် ဆက်သွယ်နိုင်ပါတယ်”ဟု လေယာဉ်လက်မှတ်ရောင်းအရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်း၊ ကလေးလေဆိပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်းနှင့် ထိုသို့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် လေယာဉ်ပြေးလမ်းပျက်စီးသွားသည်ဟု ဝန်ခံထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်လ်များတွင်ဖော်ပြထားသည်။
ကလေးလေဆိပ်ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် လေဆိပ်ကိုအရေးပေါ်ပိတ်
ကလေးမြို့ လေဆိပ် ပေါက်ကွဲမှုဖြစ်လို့ လေယာဥ်ခရီးစဥ်တွေ ယာယီရပ်နားထား
စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ ကလေး လေဆိပ်မှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားပြီးနောက် လေယာဥ်ခရီးစဥ်တွေ ယာယီရပ်နားထားတယ်လို့ လေယာဥ်လက်မှတ် အေဂျင်စီတွေဆီက သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၁၀ / ၄၅ လောက်ကဖြစ်တာပါ ၊ လေယာဥ်ပြေးလမ်းထိပ်နေရာကို ဒရုန်းဗုံးကျပြီး ပေါက်ကွဲတယ် ၊ ပျက်စီးထိခိုက်မှုကတော့ လမ်းအစွန်နေရာမှာ ခြောက်လက်မ ပတ်လည်လောက် ပျက်စီးသွားတယ် ၊ မန္တလေး လေဆိပ်ကနေ ကလေးလေဆိပ်ကိုဆင်းမယ့် လေယာဥ်ဟာ မုံရွာ လေဆိပ်ကနေ မန္တလေးကို လှည့်ပြန်သွားတယ် ၊ ကလေးမြို့မှာ မဆင်းတော့ဘူး ” လို့ ပြောပါတယ်။
ဒါ့အပြင် လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ် အေဂျင်စီ တယောက်က ” ကလေးမြို့ လေကြောင်းလိုင်း ပိတ်တယ်လို့တော့ မပြောဘူး ၊ လတ်တလော တရက် ၊ နှစ်ရက်လောက်တော့ လေယာဥ် ကန်ဆယ် ဖြစ်မယ်လို့တော့ လေကြောင်းလိုင်းက ပြောတယ် ၊ လေယာဥ် ပိတ်မယ် ၊ မပိတ်ဘူးဆိုတာ သေချာပေါက် မပြောသေးဘူး ” လို့ ပြောပါတယ်။
ဒီကနေ့ လေယာဥ်ပတ်နဲ့ ကလေးမြို့ကနေ မန္တလေးကို လိုက်ပါမယ့် ကလေးမြို့ခံ ခရီးသည် တယောက်က ” ဒီနေ့ လေယာဥ်ပတ်နဲ့ လိုက်မယ် ၊ လုံခြုံရေးအရ ခရီးစဥ်ပျက်သွားတယ် ၊ ဝယ်ထားပြီးသား လက်မှတ်နဲ့ ပတ်သက်လို့ ငွေပြန်အမ်းပေးတာမျိုး အခုချိန်ထိတော့ မရှိသေးဘူး ၊ ဝယ်ထားပြီး လက်မှတ်တွေကို ပြန်ပြေးဆွဲပေးရက်ကြရင် ပြန်အသုံးပြုဖို့ စီစဥ်ပေးမယ် ” လို့ ပြောပါတယ်။
ကလေးဆိပ်မှာ ဒီကနေ့ပေါက်ကွဲမှုဖြစ်လို့ လေယာဥ်ခရီးစဥ်တွေ ယာယီရပ်နားထားမယ်လို့ သိရပြီး ဘယ်တော့ ပြန်ပြေးဆွဲမလည်းဆိုတာ VOM က မသိရသေးပါဘူး။
ပြီးခဲ့တဲ့ နှစ်စပိုင်းတုန်းက ကယားပြည်နယ် လွိုင်ကော် လေဆိပ်မှာ ဆင်းလာတဲ့ ခရီးသည်တင် လေယာဥ်တစီး သေနတ်နဲ့ချောင်းမြှောင်း ပစ်ခံရလို့ လေယာဥ်ခရီးသည် နှစ်ယောက် ကျည်ဆံထိမှန် ဒဏ်ရာရတာ ဖြစ်တယ်လို့ သိရပါတယ်။
Leave a Reply