မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ကျင်းပမည့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား၏ (၁၇) ကြိမ်မြောက် ပြင်ဦးလွင်တန် ဆောင်တိုင်ပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ပွဲကျင်းပရေးကော်မတီနှင့် ဒေသခံများထံက သိရသည်။
မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၂၄ မှ ၂၈ ရက်ထိ ကျင်းပရန် ပြင်ဆင်ထားပြီး ပွဲတော် ကျင်းပရန် ၄ ရက်ခန့်အလို နိုဝင်ဘာ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။
ပွဲတော်ကျင်းပရေးကော်မတီမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက “တန်ဆောင်တိုင်ပွဲ ဖျက်သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်၊ ကျနော်တို့ သိရသလောက်ကတော့ လုံခြုံရေးအခြေအနေအရ ဖျက်သိမ်းလိုက်တယ်ဆိုတာပဲ သိရတယ်၊ ကျနော်တို့ကိုတော့ မီးပုံပျံပွဲပျက်သွားတယ်လို့ပဲ အသိပေးတယ်၊ ကျန်တာတွေ ဘာမှ ထပ်မပြောဘူးဗျ၊ အခုက ပွဲတော်ကြီးတခုလုံးကို ဖျက်သိမ်းလိုက်တာ”ဟု အတည်ပြုပြောကြားသည်။
ထိုသို့ ဖျက်သိမ်းလိုက်ခြင်းမှာ ပြင်ဦးလွင်မြို့နှင့် ကပ်လျက်တည်ရှိသည့် နောင်ချိုမြို့နယ်အတွင်း၌ ပလောင် (တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDF နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ လုံခြုံရေး စိတ်မချရခြင်းကြောင့်ဟု ဒေသခံများက ဆိုသည်။
တန်ဆောင်တိုင်ပွဲတော်ကို ဖျက်သိမ်းလိုက်သဖြင့် ပြိုင်ပွဲဝင် လွှတ်တင်ကြမည့် မီးပုံးပျံအသင်းများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှု ကုန်ကျစရိတ် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
မြို့ခံတဦးက “လက်ရှိ မီးပုံပျံတွေ လုပ်ထားတဲ့သူတွေလည်း အားလုံးကို ပြန်သိမ်းထား၊ နောက်လုပ်မယ့်ချိန်မှ ပြန်လွှတ်ပေါ့၊ မီးပုံပျံမှာ သုံးတာက အများစုကတော့ လက်လုပ်ယမ်းတွေပါပဲ၊ ဒေသတွင်းမှာတော့ လက်လုပ်ယမ်းတွေက ကိုယ်တိုင်လုပ်ကြတာ များပါ တယ်၊ မီးပုံပျံလုပ်တတ်တဲ့သူက အကုန်လုပ်တတ်တယ်လေ၊ ပြိုင်ပွဲဝင် ညမီးပုံးတွေက တလုံးကို အနည်းဆုံး သိန်း ၇၀ လောက်ကနေ ရာကျော်ထိ ကုန်ကျစရိတ်ရှိတယ်၊ အဲဒီလို ကုန်ကျစရိတ်တွေ ရှိပေမယ့် မလုပ်ဖြစ်ဆိုတော့လည်း ဘယ် တတ်နိုင်မလဲဗျာ”ဟု ပြောသည်။
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ညမီးပုံးပြိုင်ပွဲအတွက် နိုဝင်ဘာ ၂၄ ရက်မှ နိုဝင်ဘာ ၂၈ရက်အထိ စုစုပေါင်း ၃၂ လုံး၌ ညမီးကျည် ၁၈ လုံး၊ စိန်နားပန် ၁၄ လုံး ပါဝင်ကြောင်း၊ နေ့အရုပ်အလှမီးပုံးပြိုင်ပွဲတွင် ၃၅ ရုပ်ထိ လွှတ်တင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၂ ခုနှစ်ကလည်း ၁၆ ကြိမ်မြောက်အဖြစ် ၅ ရက်တာ ကျင်းပခဲ့ရာ လောင်းကစားဝိုင်း များ ထည့်သွင်းခဲ့သောကြောင့် ဝေဖန်မှုများ ရှိခဲ့သလို လာရောက်သူ နည်းပါးခဲ့ကာ မျှော်မှန်းသလောက် စည်ကားမှုမရှိခဲ့ ကြောင်း ဒေသခံများက ဆိုသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆယ့်နှစ်လရာသီအလိုက် ကျင်းပလေ့ရှိသည့် ပွဲတော်များအား ရပ်နားထားခဲ့ရာမှ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလ ပြုလုပ်သော အထင်ကရပွဲတော်များကို ယခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ရေး စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့များက စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် ကျင်းပရန်အတွက် စစ်ကောင်စီက ၂ လခန့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အောင်သမာဓိရွှေဆိုင်မှ အဓိက စပွန်ဆာပေးထားကာ မျိုးကျော့မြိုင်၊ ထူးအယ်လင်း၊ မိုးမိုး၊ ပူစူး၊ မီ၊ နေရဲ ၊ ပွင့်နဒီမောင်၊ မုဏ်း၊ ခြူးစစ်ဟန်၊ ခင်လှိုင်စသည့် ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်များ ပါဝင်ဖျော်ဖြေသွားမည်ဟု ထုတ်ပြန်ထားသည်။
ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ လုံခြုံရေးအရ စစ်ကောင်စီဖျက်သိမ်း
စစ်တပ်မြို့ ပြင်ဦးလွင်မှာ နှစ်စဉ်ကျင်းပနေကြ တန်ဆောင်တိုင်ပွဲကို ပွဲကျင်းပမယ့် ရက်ပိုင်းအလိုမှာ လုံခြုံရေးအရဖျက်သိမ်းလိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လူသိများတဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲကို မြို့ပြင် ပြည်ချစ်ဘုရားရှေ့ ကွင်းပြင်မှာ နိုဝင်ဘာလ ၂၄ ရက်ကနေ ၂၈ ရက်အထိ စည်စည်ကားကား ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။
ဒါပေမယ့် ပြင်ဦးလွင် နဲ့အနီးဆုံးရှမ်းမြောက်ဒေသ နောင်ချိုထိ တိုက်ပွဲတွေ ဖြစ်လာချိန်မှာတော့ စစ်ကောင်စီဘက်ကပွဲဖျက်လိုက်တာလို့ စုံစမ်းသိရပါတယ်။
” မကျင်းပဖြစ်တော့ဘူးလို့ အကြောင်းကြားလာတယ်၊လုံခြုံရေးအခြေအနေအရပါပဲ”လို့ မီးပုံးပျံအသင်းဝင်တစ်ဦးကပြောပါတယ်။
ပွဲတော်အတွက် ဆိုင်ခန်းနေရာတွေ ရောင်းချထားပြီးဖြစ်သလို အစမ်းလေ့ကျင့်မှုတွေ ပြုလုပ်ထားပြီဖြစ်တယ်လို့သိရပါတယ်။
တန်ဆောင်တိုင်ပွဲကို စစ်ကောင်စီဘက်က ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် မြောက်ပိုင်းအခြေစိုက် ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးလှိုင်း စစ်တက္ကသိုလ်တွေ ၊ တပ်ရင်းတပ်ဖွဲ့တွေရှိတဲ့ ပြင်ဦးလွင်အနီးအနား ရောက်လာချိန်မှာတော့ ပွဲကို ဖျက်လိုက်ရတာပါ။
၁၀၂၇ စစ်ဆင်ရေးဟာ ပြင်ဦးလွင်နဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဟာ အဲဒီတိုက်ပွဲတွေမှာမြေပြင်တပ်အထိနာလို့ လေကြောင်းကိုပါ သုံးခဲ့ရပါတယ်။
Leave a Reply