လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်၍ မီးရှို့ဖျက်ဆီးလိုက်သဖြင့် တစ်စျေးလုံး ပြာကျပျက်စီး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် မီးရှို့ဖျက်ဆီးလိုက်သဖြင့် တစ်စျေးလုံး ပြာကျပျက်စီးသွားကြောင်း KA စစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦးက အတည်ပြုပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ကစ၍ လွိုင်ကော်မြို့၊ သီရိမင်္ဂလာရပ်ကွက်အတွင်းရှိ ဈေးကြီးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက မီးရှို့နေခြင်းဖြစ်ပြီး ဈေးတစ်လုံးနီးပါး ပြာကျသွားပြီဖြစ် ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရပ်ကွက်များအတွင်းရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာ ရုံ၊ ဘုရားကျောင်းတို့တွင် ဝင်ရောက်တပ်စွဲနေရာယူကာ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

“အခု KNDF ၊ KA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက မြို့ထဲမှာရောက်ပြီလေ၊ မြို့ထဲရောက်လာတာတော့ ကြာပါပြီ၊ ဒါပေမယ့် ရပ်ကွက်တွေ၊ ဘာတွေထဲ တိုးဝင်လာတဲ့အခါကျတော့ မနေ့ကလည်း တနေ ကုန်၊ ၁ ရက် ၊ ၂ ရက်ရှိပြီ၊ မိုးရွာသလိုပဲ လက်နက်ကြီးတွေ ထုနေတယ်၊ လက်နက်ကြီးတွေ ထုတော့ မြို့လယ်ရပ်ကွက်တွေဖြစ်တဲ့ ရွှေတောင်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ဓမ္မာရုံရပ်ကွက် တွေမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့နေရာမျိုးတွေမှာက စစ်ကောင်စီတပ်သားတွေ နေရာယူတပ်စွဲ ထား တာ လေ၊ ပြောရရင်တော့ မြို့ထဲမှာ ပိုပြီးတော့ ရှုတ်ယှက်ခတ်လာပြီပေါ့၊ ပြီးတော့ ဒီမင်္ဂလာဈေး ကိုမီးရှို့တယ်ဆိုတာက ပူးပေါင်းတပ်တွေ ရိက္ခာရရှိနိုင်မယ့် နေရာမျိုးဖြစ်နိုင်တယ်ထင်လို့ ၊ အဲလို ယူဆလို့ မီးရှို့တယ်လို့ သုံးသပ်ရတာပေါ့၊ တမင်သက်သက်ရှို့တာလဲပါမယ်၊ တချို့တော့ မီးလောင်ဗုံး တွေနဲ့ ပစ်တာတွေလည်းရှိမှာပေါ့၊ ဈေးကတော့တော်တော်ပြောင်သွားပြီ၊” ဟု KA စစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦးက အတည်ပြုပြောကြားသည်။

လွိုင်ကော်မြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်သည့် ခလရ ၅၃ တပ်နှင့် အမှတ် ၂၅၀ အမြောက်တပ်တို့မှလည်း လွိုင်ကော်မြို့ ထဲရှိ ရပ်ကွက်များအတွင်းသို့ နေစဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရ သည်။

“လေယာဉ်ကတော့ တစ်ရက်နှစ်ရက်ရှိပြီ၊ မနေ့ကအထိဆိုရင် ကျနော်ရေတွက်ကြည့်တာတေ့ အလုံး ၄၀ လောက်ရှိတယ်၊ အဲဒီထက်ပိုရင်လည်း ပိုမှာပေါ့၊ ပေါင် ၅၀၀ ဗုံးနဲ့က တစ်ရက်ကို ၂ လုံး ၃ လုံးချ တာ ရှိတယ်၊ တခြားက လက်နက်ကြီးတွေနဲ့ အဲလိုမျိုးတွေပစ်တာပေါ့၊ ၅၄ ကနေပစ်တယ်၊ ၂၅၀ အ မြောက်တပ်ကနေ ပစ်တယ်၊ အရင်ကတော့ မြို့ပြင်ပဲ ပစ်တာ၊ အခုက မြို့ပေါ်ရပ်ကွက်တွေထဲကို ရမ်းသမ်းပစ်ခတ်နေတာ၊ အခုတစ်ရက် ၂ ရက်အတွင်း ပိုဆိုးလာတာ၊” ဟု KA စစ်ဖက်ဆိုင်ရာ အ ကြီးတန်းအရာရှိက ဆက်လက် ပြောဆိုသည်။

လွိုင်ကော် သီရိမင်္ဂလာဈေး (တောင်ဈေး) လက်နက်ကြီးကြောင့် မီးလောင် ပြာကျ

(၁၁.၁၁) မြို့ပြစစ်ဆင်ရေးဆင်နွဲနေတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး)မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်စောပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင် ပြာကျခဲ့ရတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

“ညနေပိုင်း (ဒီဇင်ဘာလ ၉ ရက်) လောက်ထဲက လောဓမ္မ စျေးနားက လက်နက်ကြီးနဲ့ စပစ်ခံနေရပြီ။ အဲ့နားက ကံချားဆိုင် (ကုန်မာဆိုင်) နဲ့ အိမ်အချို့က လက်နက်ကြီးထိ နေတယ်ကြားတယ်။ ညသန်းခေါင်နားရောက် မှ တောင်စျေး မီးစ လောင်တယ် ။ ခုမနက် ၆နာရီလောက်ထိ မငြိမ်းသေးဘူး ။ ဘယ်သူမှလည်းမငြိမ်းရဲကြဘူးလေ ” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက် ၁ နာရီချိန်ကစပြီး သီရိမင်္ဂလာ တောင်ဈေးရဲ့ ဈေးတန်းတွေမှာ မီးလောင်ခဲ့တာဖြစ်ပြီး ကူးစက်လောင်ကျွမ်းမှုကြောင့် ဈေးတန်းတစ်ခုလုံး ပျက်စီးဆုံးရှုံးမှု များပြားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ လွိုင်ကော်မြို့တွင်းတိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး အချိန်မီ မီးငြိမ်းသတ်ဖို့လည်း ပစ်ခတ်မှုတွေရှိနေတာကြောင့် မလွယ်ကူဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သီရီမင်္ဂလာစျေး(တောင်စျေး )အပါအဝင် ဈေးအနီးအနားက လောဓမ္မရပ်ကွက်အတွင်း နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ လွိုင်ကော်မြို့တွင်း ဒေသခံတွေ ရှိနေဆဲဖြစ်တဲ့ လောဓမ္မ ၊ ရွှေတောင် ၊မင်္ဂလာ အစရှိတဲ့ ရပ်ကွက်အတွင်းကို စစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်မှုရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သီရိမင်္ဂလာဈေးဟာ ကရင်နီဒေသခံတွေရဲ့ အားကိုးအားထားရတဲ့ ဈေးကြီးဖြစ်တဲ့အပြင် ဒေသခံတိုင်းရင်းသား အများစု လာရောက် ဈေးရောင်းနေတဲ့ နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိနေပြီဖြစ်ပါတယ်။

“ဆိုင်ခန်းတွေ အားလုံးလိုလိုသွားပြီလို့ကြားတယ်။ ကျမတို့ ဆိုင်ခန်းလေးပါသွားရင် ဘယ်လို ရှေ့ဆက် လုပ်စားရတော့မလဲရှင်။ ဝယ်ထားတာမှမကြာသေးဘူး “လို့ လွိုင်ကော်ဒေသခံတစ်ဦးက ဆိုပါတယ်။

၂၀၂၁ခုနှစ် စာရင်းအရ သီရိမင်္ဂလာတောင်ဈေးမှာ ဆိုင်ခန်းပေါင်း (၁၀၆၂)ခန်း ၊ ပျံကျ ၄၀၀ ကျော်နဲ့ ဈေးသူ/သား ၅၀၀ကျော်က ရောင်းချလျက်ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိ (၁၁.၁၁)စစ်ဆင်ရေး စတင်ပြီးနောက် ဈေးတန်းအများစုက ပိတ်ထားလိုက်ရပြီး စစ်ဘေးရှောင်ခဲ့ရတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *