နမ့်ခမ်းမြို့ကို စစ်အုပ်စုက တစ်နေ့တည်း တိုက်လေယာဉ်နဲ့ ဗုံး(၁၁၀)ကျော် ကျဲ

စစ်ရေးပစ်မှတ် မဟုတ်တဲ့ ကျေးရွာတွေကိုပါ စစ်အုပ်စုက ပစ်မှတ်ထား တိုက်ခိုက်နေ၊

ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ နမ့်ခမ်းမြို့မှာ တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း မနေ့က တစ်နေ့တည်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံး(၁၁၂)လုံး ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် – TNLA က သတင်း ထုတ်ပြန်ပါတယ်။

“ဒီဇင်ဘာ(၁၁)ရက် တစ်နေ့လုံး စစ်ကောင်စီ၏ နမ့်ဖက်ကာ တပ်စခန်းမှ နမ့်ခမ်းမြို့သို့ လက်နက်ကြီးဖြင့် (၃၇)ကြိမ် ပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာ လေယာဉ်ဖြင့် (၁၀)ကြိမ်၊ Y-12 လေယာဉ်ဖြင့် ဗုံး(၁၁၂)လုံး ဗုံးကျဲ တိုက်ခိုက် ခဲ့သည်” လို့ TNLA က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မနေ့က နေ့လည်ပိုင်းရော ညပိုင်းမှာပါ နမ့်ခမ်းမြို့ကို လေကြောင်းဗုံးကျဲ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲလို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရသလို အိမ်တွေလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

“နမ့်ခမ်းမြို့တွင် ယမန်နေ့ ဒီဇင်ဘာ(၁၁)ရက် ညအချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ် တစ်စီးဖြင့် ပေါင်(၅၀၀)ဗုံး အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုကဲသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့ ပေါက်နေ ရပ်ကွက်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်(၁၀)လုံးကျော် ထိခိုက် ပျက်စီးခဲ့သည်” လို့ TNLA က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ နမ့်ခမ်းမြို့နယ် ကျေးရွာတွေကို ဦးတည်ကာ ပစ်ခတ်တိုက်ခိုက်နေပြီး နမ့်ခမ်းမြို့မှာ သာမက နမ့်ဆန်မြို့နယ် တိုက်ပွဲတွေမှာလည်း လေကြောင်းဗုံးကျဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်နေတယ်လို့ TNLAက ဆိုပါတယ်။
ဒီနေ့ ဒီဇင်ဘာ(၁၂)ရက် မနက်ပိုင်းမှာလည်း နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းမှာ တိုက်ပွဲဖြစ်နေချိန် စစ်အုပ်စုက Jet Fither (တိုက်လေယာဉ်)နဲ့ နှစ်ကြိမ်၊ (MI-35) တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ သုံးကြိမ်နဲ့ Y-12 တိုက်လေယာဥ်နဲ့ ခြောက်ကြိမ်၊ ဗုံး (၁၈)လုံး ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စု မန်တုံ (၁၃၀)စခန်းကနေလည်း နမ့်ဆန်မြို့နယ်ဘက်ကို လက်နက်ကြီးနဲ့ ခုနှစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သလို နမ့်ဆန်မြို့နယ်အတွင်း ကိုလည်း Y-12 လေယာဥ်နဲ့ ဗုံး လေးကြိမ် လာရောက် ကျဲချ တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

TNLA အနေနဲ့ နမ့်ခမ်းမြို့နယ်က စစ်အုပ်စုရဲ့ စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဲ့ဒီ စခန်းသစ်ကုန်း တိုက်ပွဲတွေမှာလည်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု Jet Fighterနဲ့ (၂၁၅)ကြိမ်၊ Y8/Y12 လေယာဥ်နဲ့ (၆၂)ကြိမ်၊ (MI-35)နဲ့ ကိုးကြိမ်၊ ဓာတုအဆိပ်ငွေ့ဗုံးနဲ့ သုံးကြိမ်၊ စစ်အုပ်စု မန်တတ်စခန်းနဲ့ နမ့်ဖတ်ကာ စခန်းတွေကနေ လက်နက်ကြီးနဲ့ (၃၅၀)ကြိမ် ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ(၁၁)ရက် မနေ့က TNLA အနေနဲ့ နမ့်ဆန်မြိုနယ်က စစ်အုပ်စု နမ့်ဆန်ရဲစခန်းနဲ့ ပတ္တမြားစေတီ (ကောင်းမှုဆိုင်စခန်း) နှစ်ခု၊ လားရှိုးမြို့နယ် အီနိုင်းကျေးရွာ စစ်အုပ်စု ကင်းစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ဆန် ရဲစခန်းကနေ ပစ္စတို သုံးလက်၊ လက်နက်(၁၄)လက်၊ ခဲယမ်းများစွာနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့ဟာ မူဆယ်ခရိုင်မှာ ပါဝင်တဲ့ မြို့ဖြစ်ပြီး မူဆယ်မြို့နဲ့ မိုင်အနည်းငယ်သာ ကွာဝေးကွာ ရွှေတူးဖော် ထွက်ရှိတဲ့ ဒေသ ဖြစ်ပါတယ်။

ကိုးကန့်- MNDAA ၊ ရက္ခိုင် – AAနဲ့ တအာင်း- TNLA တို့ ညီနောင်မဟာမိတ် သုံးဖွဲ့ ပူးပေါင်းကာ အောက်တိုဘာ (၂၇)ရက်မှာ စတင် အကောင်ထည်ဖော်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းဒေသက စစ်အုပ်စု စခန်း (၅၇) ခုကို TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *