အင်းစိန်နည်းပညာတက္ကသိုလ်ဝင်း အတွင်းရှိ CDM ဝန်ထမ်းလိုင်းခန်းများကို ဒုပါမောက္ခချုပ် ဦးဆောင်၍ ဖျက်ဆီးဖယ်ရှားခဲ့ပြီး “သူတို့အမေစု ဘာများလုပ်ပေးနိုင်လဲ” ဟုဆို

ရန်ကုန်တိုင်း၊ အင်းစိန်၊ ကြို့ကုန်းရန်ကုန်နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ CDM ဝန်ထမ်းများ၏ နေအိမ်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်‌နေ့တွင် Non CDM ဒုတိယ ပါမောက္ခချုပ်အဖွဲ့မှ စစ်ကောင်စီနှင့်ပူးပေါင်းကာ ဦးဆောင်ဖျက်ဆီး ဖယ်ရှားခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ CDM ဝန်ထမ်းများ၏လိုင်းခန်းများကို ဒီဇင်ဘာ ၃ ရက်နေ့တွင် နောက်ဆုံး ထား၍ ဖယ်ရှားရန် အမိန့်ထုတ်ပြန်ပြီးနောက် ဒီဇင်ဘာ ၆ ရက်နေ့နှင့် ဒီဇင်ဘာ ၇ ရက်နေ့များတွင် ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အချိန် နှစ်ရက်ပေးမယ် အမိန့်စာထုတ်ပေမယ့် စာထုတ်တဲ့နောက် သိပ်မကြာဘူး။ CDM ဝန်ထမ်းတွေရဲ့ အိမ်နဲ့ပိုင်ဆိုင်မှုတွေကို ဖျက်ပစ်ကြတယ်။ ပစ္စည်းအချို့ကိုလည်းကို ဖျက်ဆီးကြတယ်၊ CDM ဝန်ထမ်းတွေက သူတို့ကိုကြောက်တော့ ပစ္စည်းတွေ လာမယူရဲကြဘူး။ ပစ္စည်းရော အိမ်ပါ ဆုံးရှုံးသွားကြတယ်။ အချို့ကောင်းတဲ့ ပစ္စည်းတွေကိုတော့ စစ်တပ်နဲ့ ပေါင်းပြီး သူတို့ယူသွားကြတယ်”ဟု CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

CDM ဝန်ထမ်းများ၏ လိုင်းခန်းများကို ဖျက်ဆီးဖယ်ရှားရာတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာလှမျိုးထွန်းက ဦးဆောင်၍ သတ္တုတူးဖော် အင်ဂျင်နီယာဌာနမှ ပါမောက္ခ အောင်လေးတင်၊ လျှပ်စစ်အင်ဂျင်နီယာဌာနမှ ပါမောက္ခ စိုး၀င်း၊ ရေနံအင်ဂျင်နီယာဌာနမှ ဒုတိယပါမောက္ခ အာကာထွန်း၊ စီမံဌာနကြီးမှူး ဆရာမ ဒေါက်တာသင်းသင်းမာနှင့် စီမံဒေါ် စန်းစန်းဦးတို့က ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း Non CDM ဝန်ထမ်းများထံက သိရသည်။

“ အဲ့ဒီစစ်တပ်လက်အောက်ခံအဖွဲ့က ခုတော့ သူတို့ အမေစုဘာများ လုပ်ပေး နိုင်သေးလဲ”လို့ လှောင်ပြောင်ပြီး CDM ဝန်ထမ်းလိုင်းခန်းတွေကို ဖျက်ဆီးကြတာ။ သူတို့ Non CDM အုပ်စု‌တွေက ကန်တင်းမှာရှိတဲ့ မင်းမဟာ လက်ဖက်ရည်ဆိုင်မှာ အမြဲတမ်းထိုင်ပြီး စားသောက်နေကြ ”ဟု CDM ဝန်ထမ်းက ဆက်လက် ပြောကြားသည်။

CDM ဝန်ထမ်းများ၏ နေအိမ်များကို ဒုတိယပါမောက္ခချုပ်အဖွဲ့မှ ဦးဆောင် ဖျက်ဆီးဖယ်ရှားခဲ့ပြီးနောက် ဒီဇင်ဘာ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်များ ရောက်ရှိ လာကာ နေရာများကိုစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် အဆိုပါ CDM မျာနေထိုင်ခဲ့သည့် အိမ်များတွင် NOn CDM ဝန်ထမ်း အသစ်များ ဝင်ရောက်နေထိုင်လျက်ရှိကာ ထိုသို့ အိမ်ခန်းများရရှိရေးအတွက် စီမံဌာနမှ ဒေါ်စန်းစန်း ကို အခကြေးငွေများပေးရကြောင်း စစ်ကောင်စီလက်အောက်ခံ NOn CDM ဝန်ထမ်းအချို့ထံက သိရသည်။

ဓာတ်ပုံ-ပေးပို့


Comments

Leave a Reply

Your email address will not be published. Required fields are marked *