ပျူခေါင်းဆောင်ကို သေနတ် အဖြုတ် အတပ် သင်ပေးရာက ဒုရဲအုပ်နဲ့ ရာအိမ်မှူး ကျည်မှန် ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရှိ ရဲစခန်းမှာ ပျူစောထီးခေါင်းဆောင်တဦးကို သေနတ် အဖြုတ်အတပ်သင်ပေးနေစဉ် သေနတ်ကျည်ထွက်ပြီး ဒုရဲအုပ်နဲ့ ရာအိမ်မှူးကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့ ဝေါမြို့နယ် ပကဖထံက သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်မှာ သူရဲသမိန်ကျေးရွာရဲ့ ပျူစောထီးခေါင်းဆောင် ဆန်းဝင်းနိုင်ဟာ ရဲစခန်းအတွင်း ကျည်ရှင်းချိန် ကျည်ထွက်သွားပြီး ဒုရဲအုပ်နဲ့ ရာအိမ်မှူး သန်းဦးတို့ကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“ပျူခေါင်းဆောင်ကို သေနတ်အဖြုတ်အတပ်နဲ့ပတ်သက်ပြီး ရဲကသင်ပေးနေချိန်မှာ ကျည်က ညပ်နေတာ။ အဲ့ဒါကို ပျူခေါင်းဆောင်က သေနတ်ဒင်ကို မြေကြီးနဲ့ဆောင့်ချလိုက်တာ ကျည်ထွက်သွားပြီး ထိတာ” လို့ ဝေါမြို့နယ်ပကဖ တာဝန်ခံကပြောပါတယ်။

ပေါက်ထွက်သွားတဲ့ ကျည်က ထိမှန်လို့ ဒုရဲအုပ်ရဲ့ ခါးမှာ ကျည်ရှပ်မှန်ပြီး ရာအိမ်မှူးကတော့ လက်ကို ရှပ်မှန်သွားတယ်လို့ ဆိုပါတယ်။

ကျည်ထိလို့ ဒဏ်ရာရသွားတဲ့ ဒုရဲအုပ်နဲ့ ရာအိမ်မှူးကိုတော့ ဝေါဆေးရုံကိုပို့ထားရတယ်လို့ သိရပါတယ်။

သူရဲသမိန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ သူရဲသမိန်ကျေးရွာအတွင်းမှာ ရဲ၊ ပျူစောထီး၊ စစ်ကောင်စီတပ်သား အင်အား ၅၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top