ကလေးမြို့ မြောက်စည်းစခန်းသိမ်း တိုက်ပွဲက ရရှိခဲ့တဲ့ စစ်အုပ်စု အသံဖိုင်ကို CNDF ထုတ်ပြန်၊

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြောက်စည်းရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာက သိမ်းဆည်း ရရှိခဲ့တဲ့ စစ်အုပ်စု လက်အောက်ခံ ဗိုလ်လေး (ရဲ ဒု-ရဲအုပ်အဆင့်)ဆိုသူရဲ့ ဖုန်းထဲက တွေ့ရှိတဲ့ အသံဖိုင်ကို ချင်းအမျိုးသား ကာကွယ်ရေးတပ် – CNDF က ထုတ်ပြန် ထားပါတယ်။

နိုဝင်ဘာ(၃)ရက် မနက်ပိုင်းက ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာ စစ်အုပ်စု အထိုင်စခန်းကို ကလေးခရိုင် PDF တပ်ရင်း (၄)၊ CNDF၊ CDF-KKG၊ VAKOK-CNDF၊ RKDF၊ ကလေးမြို့နယ် ပကဖ စတဲ့ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်တွေက စီးနင်း ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီ မြောက်စည်းစခန်းသိမ်း တိုက်ပွဲမှာ စစ်အုပ်စု ကိုးယောက် သေကာ တချို့ ထွက်ပြေး လွတ်မြောက်သွားပြီး တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးတယ်လို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်း တိုက်ခိုက်ခံရလို့ ထွက်ပြေးနေရတဲ့ စစ်အုပ်စု သစ္စာခံ ဗိုလ်လေး ဆိုသူက သူ့ကို လာကယ်ပေးဖို့ အထက်လူကြီး (မြို့နယ်ရဲမှူးအဆင့်) အဘ ကို တောင်းဆိုတဲ့အပေါ် အဲ့ဒီ အဘက သူ့ရဲ့ အထက်လူကြီး ခရိုင်မှူး အဘ ကသာလျင် လာကယ်၊မကယ်ဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ကြောင်းနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဘုရားစာရွတ်ဖို့ ချော့မော့ တိုက်တွန်း ပြောဆိုထားပါတယ်။

နိုဝင်ဘာ(၃)ရက် မနက်ပိုင်းက ကလေးနဲ့ တမူးနယ်က စစ်အုပ်စုစခန်း ငါးခုဖြစ်တဲ့ တမူးမြို့နယ် ခမ်းပါတ်မြို့ရဲစခန်း၊ ဘုက္ကန်ကျေးရွာရဲစခန်း၊ ဝိတုတ်ကျေးရွာ စစ်အုပ်စုစခန်းနဲ့‌ ကလေးမြို့‌နယ်က မြောက်စည်းရဲစခန်း၊ ရာဇဂြိုလ် ကျေးရွာအနီးရှိ စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top