ရေမျက်နီရွာက ခလရ ၅၀ တပ်သားတွေ ချောင်းမြောင်းပစ်ခတ်ခံရလို့ ၃ ဦးသေ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာ နေအိမ်တွေမှာ အင်အား ၁၀၀ ကျော်နဲ့ ဖြန့်ကျက်နေထိုင်ပြီး နေအိမ်ထဲကထွက်လာတဲ့ စစ်သားတွေကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ ခလရ ၅၀ တပ်ရင်းမှ တပ်ရင်းမှူး အေးမင်းအပါအဝင် လက်‌ထောက်တဦးနဲ့ တပ်သားတဦး သေဆုံးခဲ့တယ်လို့ Yaw Revolution Army-ထီးလင်း အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက် နေ့လယ် ၁၀ နာရီကျော်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်လောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

ထီးလင်းမြို့နယ် ရေမျက်နီရွာမှာ ဒီဇင်ဘာဒုတိယပတ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အသေအဆုံးများတာကြောင့် ခလရ ၅၀ ကနေ တပ်ကူလာပြီး ရေမျက်နီကျေးရွာထဲက နေအိမ်တွေမှာပဲ အင်အား ၁၀၀ ကျော်‌လောက်ဖြန့်ကျက်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့နေတဲ့အိမ်ထဲက ၃ ယောက်ထွက်လာတာ။ ဒီဘက်က ချောင်းမြောင်းပစ်ခတ်တာ ၃ ယောက်လုံးသေသွားတယ်။“ လို့ Yaw Revolution Army-ထီးလင်း ခေါင်းဆောင်သခင်ဇော်က ပြောပါတယ်။

ရေမျက်နီကျေးရွာမှာ တပ်ဖြန့်ထားတဲ့ ခလရ ၅၀ က တပ်ရင်းမှူး အေးမင်းအပါအဝင် လက်‌ထောက်တဦးနဲ့ တပ်သားတဦးသေဆုံးတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်ဆီက သိရတယ်ဟု ဆိုပါတယ်။

အဲ့ဒီ ခလရ ၅၀ က စစ်သားတွေဟာ ရေမျက်နီရွာကို စိုးမိုးမှုရအောင်နေပြီး နယ်မြေရှင်းလင်း‌ရေးတွေလုပ်ဖို့ ကြိုးစားနေတာလို့ ခေါင်းဆောင်သခင်ဇော်က ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yaw Revolution Army ထီးလင်း ၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ ၊ ထီးလင်းနဲ့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၈(YNRF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကလည်း ကျောက်ထုအမြောက်တပ်က ဒုအရာခံဗိုလ်တဦး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ Yaw Revolution Army-ထီးလင်း အဖွဲ့ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top