စစ်တပ်က အပြင်းအထန် ခုခံနေတဲ့ နမ့်ခမ်း စခန်းသစ်ကုန်းကို TNLA အပြီးသတ် သိမ်းပိုက်ရရှိ

စစ်တပ်က အပြင်အထန် ခုခံနေတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်းကို တအာင်းတပ်မတော်- PSLF/TNLA က မနေ့ ဒီဇင်ဘာ ၁၈ ရက် ည ၁၁ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“လက်နက်ချသွားတဲ့ပုံစံပါဘဲ။ ကားတွေနဲ့ မူဆယ်ဘက်ကနေ လူနာတွေ သယ်သွားတာ တွေ့ရတယ်။ တချို့ဆို အနာတွေက ပုတ်ပွနေပြီ။ အရင်က ရထားတဲ့ ဒဏ်ရာတွေထင်တယ်။ ဆေးကုသခွင့်မရတော့ ဒဏ်ရာတွေက ပုတ်နေပြီ။ ခြေပြတ်တဲ့လူရော လက်ပြတ်တဲ့လူတွေရော အမျိုးမျိုးဘဲ”

နမ့်ခမ်းမြို့အနီး သာယာကုန်းရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကလည်း စခန်းသစ်ကုန်း သိမ်းပိုက်ရရှိတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ညကတည်းက သိမ်းနိုင်တာဖြစ်တယ်။ အခုတော့ TNLA ဘက်က ရှင်းလင်းရေးတွေ လုပ်နေတာ။ လူနာတွေရော သေထားတဲ့ အလောင်းတွေရော အများကြီးဘဲ။ အရှင်ဖမ်းမိတဲ့ဟာတွေလည်း များတယ်”

နမ့်ခမ်း စခန်းသစ်ကုန်း သိမ်းနိုင်တာနဲ့ ပတ်သက်ပြီး TNLA ဘက်က ထုတ်ပြန်အတည်ပြုထားတာ မရှိသေးပါဘူး။

လက်ရှိ TNLA က စခန်းသစ်ကုန်း သိမ်းပိုက်လိုက်နိုင်တာဟာ နမ့်ခမ်းမြို့တစ်ခုလုံး TNLA ထိန်းချုပ်မှုအောက် ရောက်သွားတာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့နေ့ကတည်းက တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ နမ့်ခမ်းမြို့မှာ စစ်ကောင်စီတပ်က ၎င်းတို့အတွက် အရေးပါတဲ့ အဆိုပါ စခန်းကုန်း မကျစေရေးအတွက် အဆိပ်ငွေ့ဗုံးအပြင် လေကြောင်း တိုက်ခိုက်မှု ၂၅၀ ကျော် ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top