အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို TNLA ဖမ်းမိ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က တအာင်းဒေသ နမ့်ဆန်မြို့ကို တအာင်းတပ်မတော်- PSLF/TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သလို နမ့်ဆန်မှာ အခြေချတဲ့ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်ရဲ့ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် မင်းမင်းထွန်းကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ်(၄၀)ဆင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ်စာရင်းဝင်သူတစ်ဦး ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ ရှမ်းအရှေ့ တာချီလိတ်မှာ စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အမှတ်(၁) သတ္ထုဗေဒဆိုင်ရာ သုတေသနနဲ့ နည်းပညာဖွံ့ဖြိုးရေးတပ် ဌာနမှူး၊ ၂၀၂၃ ခုနှစ်မှာ ခြေမြန်တပ်မဌာနချုပ် တပ်မမှူးအဖြစ် နမ့်ဆန်မှာ တာဝန်ကျလာတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က နမ့်ဆန်စခန်းသိမ်းပိုက်ခံရချိန် တပ်သားတွေနဲ့ ထွက်ပြေးခဲ့ကြပေမဲ့ တအာင်းတပ် ဖမ်းဆီးတာကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

သူ့လိုပဲ အခြားတပ်ရင်းမှူး၊ တပ်သားတွေ ထွက်ပြေးခဲ့ကြပေမဲ့ အားလုံးနီးပါး လမ်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ဗိုလ်မှူးချုပ် မင်းမင်းထွန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ ပြောဆိုထားပြီး တအာင်းတပ်ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top