ခရုလို ဖင်ကျိုးရတော့မယ့် မအလ

“ကိုးကန့်ခေါင်းဆောင်တွေကို ပေးမည်လော”၊ လောက်ကိုင်မြို့ကို အကျခံမည်လော” ဆိုတဲ့ သာကောရဲ့ ရာဇသံအောက်မှာ မအလကြီး ဗျာများနေရပါပြီ။

ဝရမ်း အထုတ်ခံရလို့ မအလဆီ အားကိုးတကြီးနဲ့ ထွက်ပြေး ခိုလူံနေတဲ့ ကိုးကန့် BGF ခေါင်းဆောင်တွေကို တရုတ်က တောင်းထားပါတယ်။ လူတွေတင်မဟုတ်ဘူး၊ ပိုင်ဆိုင်မူတွေရော၊ ဘဏ်မှာအပ်ထားတာတွေရော၊ အကုန်ပေး တဲ့။

အဲဒါကို မျက်တောင်မခတ်ဝံ့ပဲ စိုးရိမ်တကြီး စောင့်ကြည့်နေတဲ့သူတွေက ရွှေကုက္ကိုလ်မြို့စား BGF ခေါင်းဆောင် ဗိုလ်ချစ်သူ၊ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေကြတဲ့ ပန်ဆေးကျော်မြင့်တို့လို အခြား BGF ခေါင်းဆောင်တွေပဲ ဖြစ်တယ်။

အခု ရာဇသံကြောင့် ကိုးကန့် ဝရမ်းသမားတွေကိုသာ တရုတ်လက်ထဲ ထည့်ပေးလိုက်ရင် မအလအပေါ် BGFတွေရဲ့ယုံကြည်အားထားမူက လုံးဝ မဲ့သွားပါမယ်။ BGFတွေ မရှိရင် မအလရဲ့ကျရူံးကလဲ ပိုပြီး မြန်ဆန် သွားပါလိမ့်မယ်။

အကယ်၍ မအပ်ဘူးဆိုရင်တော့ လောက်ကိုင်နဲ့တင်ပြီးမှာ မဟုတ်ပဲ၊ နောက်ဆက်တွဲတွေ အများကြီး လာအုံးမှာပါ။ အကြောင်းမသင့်ရင် မအလအဖို့ ငါးပါးရော၊ သံဃာစင်ပါ မှောက်ရတဲ့ကိန်း ကြုံသွားနိုင်ပါတယ်။

သမိုင်းတလျှောက်လုံးကို ပြန်ကြည့်တဲ့အခါ စစ်တပ်အတွက် အန္တရာယ်ပေးနိုင်တယ်ဆိုရင် ဘယ်အဖွဲ့အစည်းကိုပဲဖြစ်ဖြစ်၊ နှစ်ဖွဲ့ မကွဲကွဲအောင် မအလစစ်တပ်က ခွဲခဲ့ပါတယ်။

တိုင်းရင်းသားတွေ သွေးခွဲခံထားရတယ်၊ NLD ပါတီကိုလဲ နှစ်ခြမ်းဖြစ်အောင် ဖဲ့ထုတ်ခဲ့တာပဲ၊ သံဃာဆိုလဲ မဘသအဖွဲ့ထောင်ပြီး ခွဲပစ်ပြန်တယ်၊ နောက်ဆုံး ပြည်သူတွေကိုတောင် အနီနဲ့ အစိမ်းဆိုပြီး သွေးခွဲထားပါသေးတယ်။

ဟော အခု သူထက် ဆရာကျတဲ့ သာကောကြီးနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရပါပြီ။ “တချိန်က ငတ်နေလို့ ဆန်ပေးခဲ့ရတယ်၊ ဆီပေးခဲ့ရတယ်၊ ငါတို့က ကျေးဇူးရှင်ကွ”လို့ သွားလုပ်လို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။

နိဂုံးချုပ်ရရင်

သာကောရဲ့ ဒေါသဟာ မအလ ဘယ်လမ်းလျှောက်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ လောလောဆယ် မအလခမြာ လောက်ကိုင်မကျရေး တပ်မ၅၅ကို သေတွင်းထဲ ပို့ထားပေးလိုက်ပါပြီ။

မည်သို့ပင်ဆိုစေ၊ ဖါးကိုတုပြီး ထ ခုန်ရင်တော့ ခရုလိုပဲ ဖင်ကျိုးရုံသာ ရှိပါလိမ့်မယ်။ အခုတောင် မအလဖင် တော်တော်ကျိုးနေပြီ။

ချစ်ကိုကြီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *