ဆားတောင်မှာ စျေးဝယ်လာတဲ့ စစ်အုပ်စု တပ်ကြပ်ကြီး တစ်ယောက် ဖမ်းမိ

အလင်းဝင်မယ်လို့ ပြောပြီး ထွက်ပြေးလို့ ပစ်ခတ်ရာ သေဆုံး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ငုတ်တိုရွာ ပျူစခန်းကနေ ဆားတောင်မြို့ပေါ် စျေးဝယ်လာတဲ့ စစ်အုပ်စု တပ်မ(၃၃)က တပ်ကြပ်ကြီး ထွန်းထွန်းဝင်း ဆိုသူကို ဒီမနက်ပိုင်း ဖမ်းမိခဲ့ပြီး CDM လုပ်ဖို့ ပြောဆိုနေချိန် ထွက်ပြေးတဲ့အတွက် ပစ်ခတ်ရာ သေဆုံးတယ်လို့ ဆားတောင်မြို့ပြ ပြည်သူ့ကာကွယ်ရေး – ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၂၅)ရက် မနက်(၁၁)နာရီလောက်က စစ်ကိုင်းမြို့ ညောင်ငုတ်တိုရွာ ပျူစခန်းမှာ အခြေပြု အထိုင်ချနေတဲ့ စစ်အုပ်စုထဲက တပ်ကြပ်ကြီး ထွန်းထွန်းဝင်း ဆိုသူ ဆားတောင်မြို့ပေါ် စျေးဝယ်လာချိန် ဆားတောင် ပကဖ က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“ဖမ်းမိပြီး စစ်တယ်၊ CDM လုပ်မယ် ပြောပြီး ထွက်ပြေးလို့ ပစ်သတ်လိုက်ရတာပါ” လို့ ဆားတောင်မြို့ပြ ပြည်သူ့ကာကွယ်ရေး – ပကဖ က ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စု တပ်ကြပ်ကြီးဟာ စစ်ကိုင်းမြို့ တပ်မ(၃၃)က ဖြစ်ပြီး ညောင်ငုတ်တိုရွာ ပျူစခန်းမှာ တပ်စွဲနေတာလို့ ဆိုပါတယ်။ သူ့ထံကနေ လက်ပစ်ဗူုံ၊ ငွေအနည်းငယ်၊ စာရွက်စာတမ်းနဲ့ စျေးပစ္စည်းတချို့ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့နယ်ထဲက ညောင်ငုတ်တို၊ ကြွယ်ပုံ စတဲ့ ရွာတွေမှာ စစ်အုပ်စုက ပျူစခန်းဖွင့်ထားပြီး ဒေသခံတွေကို ပျူအဖြစ် လက်သပ်မွေးထားတာ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *