စစ်ကောင်စီတပ် ချန်ရစ်ခဲ့သည့် ဒဏ်ရာရ ဆေးတပ်သားကို MNDAA ကယ်ဆယ် (ရုပ်သံ)

“ကျနော်ခေါ်တယ်။ ကျနော်ကို ကယ်ပါအုံး မထားခဲ့ပါနဲ့ ဆို အကုန်ပြေးသွားတယ်” – ဒဏ်ရာရ ဆေးတပ်သား

စစ်ကောင်စီ​၏ တပ်မ(၉၉)သည် စစ်မြေပြင်၌ ဒဏ်ရာရလူနာကို စွန့်လွတ်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ခဲ့ပြီး အဆိုပါ စစ်သားကို ကယ်ဆယ်ကုသပေးခဲ့သည်ဟု ဖော်ပြသည်။

ဒီဇင်ဘာ ၁၄ ရက်က စစ်ကောင်စီတပ်မ(၉၉) လက်အောက်ခံတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့ မုံးကိုး ခရိုင်နန်ခုန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး စစ်မြေပြင်မှ စွန့်ခွာစဉ် ပေါင်တွင်ဒဏ်ရာရသည့် အသက် (၄၂)နှစ်အရွယ် တပ်သား ခင်မောင်အိုက် ကျန်ရစ်ခဲ့သည်ဟုဆိုသည်။

အဆိုပါ ဒဏ်ရာရစစ်သားသည် တစ်ပတ်ကြာ အစာငတ်ခဲ့ပြီး ဒီဇင်ဘာ၂၁ ရက်တွင် MNDAAက တွေ့ရှိ ဆေးကုသပေးခဲ့သည်ဟု ထုတ်ပြန်သည်။

တွေ့ရှိချိန်တွင် ၎င်း၏ဒဏ်ရာရသောညာဘက်ခြေသည် ဖောင်းဖွပြီး အနာဆိုးဝါးနေကြောင်း၊ ယင်းတပ်သားသည် စစ်ကောင်စီတပ်မ(၉၉)လက်အောက်အထူးတပ်ရင်း(၁၅)တွင် တာဝန်ထမ်းဆောင်သော ဆေးတပ်သားတစ်ဦး ဖြစ်ကြောင်း ဖော်ပြပြီး တပ်သားခင်မောင် အိုက် က ၎င်းစွန့်လွှတ်ခံရသည့် အတွေ့အကြုံကို ပြောပြသည်ဟု ဆိုသည်။

၎င်းဒဏ်ရာရနေချိန်တွင် ချန်မထားခဲ့ရန်ပြောသော်လည်း စစ်ကောင်စီတပ်သားများက ချန်ထားခဲ့ပြီး MNDAAက ကုသကယ်ဆယ်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ဒဏ်ရာရ ဆေးတပ်သားက ပြောသည်ဟု MNDAAက ထုတ်ပြန်ခဲ့သည်။

“ကျနော်ခေါ်တယ်။ ကျနော်ကို ကယ်ပါအုံး မထားခဲ့ပါနဲ့ ဆို အကုန်ပြေးသွားတယ်”ဟု ဒဏ်ရာရ ရဲဘော်က ပြောသည်ကို ရုပ်သံ၌ တွေ့ရသည်။ ထမင်းမစားရသည်မှာ ၈ရက်ရှိခဲ့ကြောင်းလည်း ပြောပြသည်။

“ကျနော့်ကို သတ်ရင်သတ် မသတ်ရင်နေ ကျနော် အရမ်းကျေးဇူးတင်တယ် ဒီအဖွဲ့(MNDAA)တွေကို”ဟု ဒဏ်ရာရ ဆေးတပ်သားက ပြောကြားရာ MNDAA တာဝန်ရှိသူက ကောင်းမွန်စွာ ကျွေးမွေးဆေးကုသပေးမည်ဟု ပြောသည်။

ထုတ်ပြန်သည့် ရုပ်သံတွင် MNDAA တာဝန်ရှိသူတစ်ဦးက ၎င်းတို့တပ်ဖွဲ့ အနေဖြင့် စစ်မြေပြင်စစ်ကမ်းရှိကြောင်းပြောကြားပြီး စိတ်မပူရန် ဒဏ်ရာရ စစ်သည်ကို အသိပေးသည်။ဒဏ်ရာရ ရဲဘော်ကို ဆေးကုသပေးနေသည့် ရုပ်သံကိုလည်း ဖော်ပြခဲ့သည်။’


Comments

Leave a Reply

Your email address will not be published. Required fields are marked *