အသင့်စားခေါက်ဆွဲခြောက်နှင့် သင့်ကျန်းမာရေး

အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေကို လူ‌ကြိုက်များကြပါတယ်။ အရသာလည်း ကောင်းသလို စားလည်းစားကြပါတယ်။ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေနဲ့ ပတ်သတ်ပြီး “စပိုက်စီ အနက်ရောင်အထုပ်လေး” ဆိုပြီး ဟာသဆန်ဆန် ဗန်းစကားတွေလည်း ပေါ်လာခဲ့ပါသေးတယ်။ “ဂျပန်ရာမန်” “ကိုရီးယားပဲခေါက်ဆွဲ” “မာလာရှမ်းကော” ဒါတွေကိုလည်း ခေါက်ဆွဲခြောက်အနေနဲ့ ဝယ်ယူစားသောက်ကြပါတယ်။

အခြား အစားအသောက်တွေထက် ခေါက်ဆွဲခြောက်တွေက စျေးပေါပါတယ်။ နေရာတိုင်းမှာရနိုင်ပါတယ်။ ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ စားကောင်းတယ်။ ချက်ရလွယ်ကူတယ်။ ဒီလောက်လွယ်ကူအဆင်ပြေတဲ့ ခေါက်ဆွဲခြောက် တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ခေါက်ဆွဲခြောက်တွေက ကျန်းမာရေးကို ဘယ်လို သက်ရောက်မှုတွေ ရှိနေနိုင်မယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ခေါက်ဆွဲခြောက်ကြောင့် ဖြစ်ရတဲ့ကျန်းမာရေးပြဿနာတွေကို နိုင်ငံအရပ်ရပ် ရင်ဆိုင် နေရပါတယ်။ နိုင်ငံတကာစစ်တမ်းတွေ ဆေးပညာတွေ့ရှိချက်တွေအရ ခေါက်ဆွဲခြောက်နှင့် သင့်ရဲကျန်းမာရေးကို ချင့်ချိန်ဆင်ခြင်ပြီး စားသောက်နိုင်ကြပါစေ။

ခေါက်ဆွဲခြောက်နှင့်အာဟာရ

ဆားဓာတ်များတဲ့ ခေါက်ဆွဲခြောက် သွေးတိုးရောဂါဖြစ်စေတဲ့ ဆိုဒီယံဆားတွေ ပါဝင်နေပြီး စားလိုက်ရင် ဆားအငန်ဓါတ်တွေလွန်ကဲပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရေရှည်ခံဖို့လုပ်ထားရတဲ့ခေါက်ဆွဲခြောက်တွေမှာ ဆိုဒီယမ် ဆားတွေအများပြားပါ‌နေပါတယ်။

သွေးတိုးရောဂါ နှလုံးရောဂါ ကျောက်ကပ်ရောဂါခံစားနေရသူတွေ မစားသင့်ပါဘူး။ ‌သွေး‌ပေါင်ချိန်တိုးစေပါတယ်။ သွေးကြောပြဿနာတွေကြုံလာရနိုင်ပါတယ်။ နှလုံး အတွက်ဆိုးရွားတဲ့ အခြေအနေတွေဖြစ်ဖို့ ဦးတည်စေပါတယ်။ ဒါတွေကပဲ ဦးနှောက် သွေးကြောပြဿနာဖြစ်ဖို့လိုအပ်တဲ့အခြေအနေတွေကိုဦးတည်စေပြီး လေဖြတ်နိုင်စေ ပါတယ်။

ဆားဓါတ်နဲ့အတူ ခန္ဓာကိုယ်ထဲမှာ အရည်တွေအများကြီး စုပ်ယူမိပြီးတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကျောက်ကပ်ရောဂါတွေဖြစ်လာနိုင်ပါတယ်။

အာဟာရတန်ဖိုးညံ့ဖျင်းတဲ့ခေါက်ဆွဲခြောက်

အာဟာရတန်ဖိုးတွေကို ကြည့်ရှုတဲ့အခါ ခေါက်ဆွဲခြောက်တွေမှာ ကယ်လိုရီတွေ အများကြီးပါတတ်ပါတယ်။ ကစီဓာတ်လို့ခေါ်တဲ့ ကာဘိုဟိုက်ဒရိတ်တွေ အဆီတွေ လည်း အများကြီးပါပါတယ်။

ခန္ဓာကိုယ်အတွက်ဆိုးကျိုးတွေ ဖြစ်စေတတ်တဲ့ ဓာတ်ဆားတွေကိုလည်း ပမာဏများစွာ ထည့်သွင်းထားပါတယ်။ MSG လို့ခေါ်တဲ့ အချိုမှုန့်တွေလည်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပရိုတင်းအသားဓာတ် အပါအဝင် လတ်ဆတ်တဲ့ အစားအစာတွေ မှာမှရနိုင်တဲ့အဖိုးတန်အာဟာရတွေ မပါဝင်ပါဘူး။ ဒါကခေါက်ဆွဲခြောက်တစ်ခုတည်းတော့ မဟုတ်ပါဘူး။

အခြားအခြားသော ရေရှည်ခံ အစားအသောက် တော်တော်များများ ကလည်း ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ ခေါက်ဆွဲခြောက်တွေက ပြန်လည် ပြုပြင်ထားတဲ့ ဂျုံကနေ ပြုလုပ် ထားတာကြောင့် အမျှင်ဓာတ် မပါဝင်သလောက်နည်းပါတယ်။ မကောင်းတဲ့ အဆီတွေလည်း အများကြီးပါဝင်‌နေပါတယ်။ အာဟာရတန်ဖိုးလည်း မကောင်း မွန်တာကြောင့် လူကိုအဝလွန်စေပါတယ်။

အဝလွန်နေတဲ့လူအများစုမှာ ခေါက်ဆွဲခြောက်တွေကို စွဲစွဲလန်းလန်းစားတဲ့အကျင့်ရှိ တတ်ပါတယ်ဆိုပြီး ခေါက်ဆွဲ‌ခြောက် နှင့်အဝလွန်ခြင်း စစ်တမ်းတွေက ဖော်ပြထားပါတယ်။ ခေါက်ဆွဲပြုတ်စားတဲ့ကလေးတွေ အာဟာရမပြည့်ဝ တာဖြစ်နိုင် ပါတယ်။

အသည်းနှင့်လိင်မှုကိစ္စ

ခေါက်ဆွဲခြောက်ဟာ အသည်းကိုလည်း ထိခိုက်နိုင်ပါသေးတယ်။ အမျိုးသား တွေအတွက် ယောက်ျားဟော်မုန်းထုတ်လုပ်ခြင်းကို‌ ထိခိုက်ပါတယ်။ ယောကျာ်းတွေ အတွက် လိင်မှုကိစ္စမှာ အနှောက်အယှက်ဖြစ်စေတဲ့ တရားခံလို့လည်း စွပ်စွဲနိုင်ပါ သေးတယ်။

ကင်ဆာရောဂါအဖြစ်များ

ခေါက်ဆွဲခြောက်ကို ရေရှည်ခံဖို့နဲ့ အသင့်စားဖို့ အဆင့်ဆင့် ထုတ်လုပ်ရတာကြောင့် (ကယ်မီကယ်လ်) ဓာတုပစ္စည်းတွေသုံးရပါတယ်။ ဒါကြောင့် အသင့်စား ခေါက်ဆွဲ‌ ခြောက်တွေစားတဲ့သူတွေမှာ ကင်ဆာဖြစ်စေနိုင်တာတွေ ပါဝင်နေတာပါ။ အစာအိမ် ကင်ဆာအပါအဝင် ကင်ဆာရောဂါ‌တွေ ဖြစ်ပွားနိုင်ပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာများ

အသင့်စား ခေါက်ဆွဲ‌ခြောက်‌တွေက လူတစ်ယောက်အတွက်နေ့စဉ်လိုအပ်တဲ့ အစာ အုပ်စုတွေ အစုံမပါဝင်ပါဘူး။ ကျန်းမာရေးထိခိုက်တဲ့ အစားအသောက်တွေပါဝင်ပြီး အမျှင်ဓာတ်ကင်းမဲ့တာကြောင့် စားအပြီးမှာ ဗိုက်ပွခြင်း၊ လေအန်ခြင်း၊ ဝမ်းချုပ်ခြင်း တွေဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တာ ပျို့အန်တာဖြစ်လွယ်ပါတယ်။ ရင်ပြည့်ရင်ကယ် ဖြစ်စေတာ၊ စားပြီး စားချဉ်ပြန်တာတွေလည်း ကြုံရနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်နေသူများနှင့် ခေါက်ဆွဲခြောက်

ခေါက်ဆွဲ‌ခြောက်မှာ ဆားဓာတ်တွေလွန်လွန်ကဲကဲပါဝင်နေပါတယ်။ ခေါက်ဆွဲခြောက်ကို အမြဲစား‌နေရတဲ့လူတွေရဲ့ဘဝဟာလည်း အစားအသောက်အတွက် အချိန်မပေးနိုင်လို့ အလွယ် တကူစားလို့ရနေတာကိုသာ စားနေရတယ်ဆိုတဲ့အဓိပ္ပါယ်လည်း သက်ရောက် နေပါတယ်။

အမြဲစိတ်ဖိစီး အလုပ်ဖိစီး ကုန်ဈေးနှုန်းဖိစီးမှုကို အလူးအလဲခံနေရသူတွေမှာ မိမိကိုယ်မိမိ ဂရုစိုက်မပေးနိုင်ဘဲ ခေါက်ဆွဲခြောက်ကိုပဲ စားကြရပါတယ်။ ခေါက်ဆွဲခြောက်စားသုံးသူအများစုမှာ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျရောဂါ စိုးရိမ်ပူပန်မှု လွန်ကဲတဲ့ရောဂါ အခြားစိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ရောဂါတွေနဲ့ ယှဉ်တွဲနိုင်တယ်လို့ လေ့လာမှုတွေအရတွေ့ထားပါတယ်။

မြန်မာနိုင်ငံနဲ့ အသင့်စားခေါက်ဆွဲခြောက်

အခြားနိုင်ငံများအနေဖြင့် အသင့်စားခေါက်ဆွဲ ခြောက်တွေကို ငွေကြေးချွေတာဖို့အတွက် အပေါစားအစား အသောက်အဖြစ် သတ်မှတ်ယူဆကြပေမယ့်လည်း စစ်အာဏာ သိမ်းပြီး နောက် ဆင်းရဲတွင်းထဲရောက်နေတဲ့ ကျွန်‌တော်တို့နိုင်ငံကတော့ အခုချိန်မှာ ခေါက်ဆွဲခြောက်ဆိုတာဟာ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတစ်ခုလိုဖြစ်နေပါပြီ။

ခေါင်းဆွဲခြောက်တစ်ထုပ်ရဲ့တန်ဖိုးက ကျပ်ငွေငါးရာ(၅၀၀)ကျော်ကနေ ကျပ်ငွေခြောက်ထောင်(၆၀၀၀)ကျော် အထိရှိနေပါတယ်။ စစ်တပ် အာဏာမသိမ်းခင်က စီးပွားရေးအကျပ်အတည်း မဆိုက်မီက ခေါက်ဆွဲခြောက် တစ်ထုပ်ကို တစ်ရာ့ငါးဆယ် (၁၅၀)ကျပ်မှ နှစ်ထောင်(၂၀၀၀)ကျပ်ဝန်းကျင် အထိသာ ရှိခဲ့ဖူးတဲ့ ကုန်ဈေးနှုန်းက နှစ်အနည်းငယ်အတွင်းမှာပဲ အိပ်ရာဝင်ပုံပြင်သဖွယ် ဖြစ်သွားခဲ့ရပါပြီ။

ခေါက်ဆွဲခြောက်ကိုကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုပြုပြင်စားနိုင်ပါသလဲ?

ခေါက်ဆွဲခြောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ဖို့မလွယ်ပေမယ့် တတ်နိုင်သမျှ အဆင် ပြေအောင် ကြံဖန်ပြီး လုပ်ယူစားသောက်ရပါမယ်။ (ဆိုဒီယံ)ဆားပါဝင်မှု နည်းတဲ့ ခေါက်ဆွဲ‌ခြောက်တွေကိုရှာဖွေဝယ်ယူပါ။ ခေါက်ဆွဲကိုတစ်ရည်ပြုတ်ပါ။ ဆားအငန်လွန် ကဲနေတဲ့အရည်တွေကို သွန်ပစ်ပြီး ရေနွေးအသစ်နဲ့ ဒုတိယအကြိမ်ထပ်တည်ပါ။

ခေါက်ဆွဲပြုတ်ထဲကို အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ရေညှိ၊ ကြက်သွန်ဖြူ ကြက်သွန်နီ၊ မှိုစတာတွေကို ပေါင်း ထည့်ပေးပါ။ ကြက်ဥ၊ ကြက်သား၊ ငါး၊ ပုစွန်၊ တို့ဟူး၊ အသား စတာတွေကို ထည့်ပါ။ ခေါက်ဆွဲခြောက်ကို အဲ့သည်လို ဖြည့်စွက်ရင်း အာဟာရပြည့်ဝစွာနဲ့ စားကောင်း အောင်ပြုပြင်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုယ်တိုင်ကျန်းမာအောင်နေထိုင်နိုင်ကြပါစေ။

နောက်တပတ်မှာတော့ဒုက္ခသည်စခန်းမှ စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအခွင့် အရေးတွေ လျစ်လျှူရှုခံနေရတာကို ဖော်ပြပေးမှာ ဖြစ်တာကြောင့် ဖတ်ရှု ပေးပါဦးခင်ဗျာ။

စောင့်မျှော်အားပေးဖတ်ရှု‌နေကြသူ AyeyarwaddyTimes ပရိသတ်များအားလုံးလည်း ဘေးကင်းကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အသင့်စားခေါက်ဆွဲခြောက်နှင့်သင့်ကျန်းမာရေး #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ


Comments

Leave a Reply

Your email address will not be published. Required fields are marked *