၂၀၂၃ ခုနှစ်၏ နောက်ဆုံးရက်ကို ဖြတ်သန်းကာ နှစ်သစ်ကိုကြိုဆိုရမည့်နေ့ဖြစ်သော ဒီဇင်ဘာလ (၃၁) ရက်နေ့သည် ရက္ခိုင်လူမျိုးများ၏ (၂၃၉) နှစ်မြောက် ရက္ခိုင့်ဘုရင့်အချုပ်အချာအာဏာကျဆုံးသည့်အချိန်ကာလဖြစ်သည်။
ယနေ့သည် နှစ်သစ်ဆီ ကူးပြောင်းတော့မည့် ဒီဇင်ဘာ (၃၁) ရက်နေ့၊ နှစ်သစ်ကူးအကြိုနေ့ “New Year’s Eve” လည်း ဖြစ်သကဲ့သို ရှမ်းမြောက်ဒေသအတွင်း၌ စတင်ဆင်နွှဲခဲ့သည့် ကိုးကန့်၊ တအာင်း၊ ရက္ခိုင် (၃) ဖွဲ၏ “၁၀၂၇ စစ်ဆင်ရေး” ကြီး၏ (၆၆) ရက်မြောက်နေ့ ရက်ထူးရက်မြတ်လည်းဖြစ်သည်။ နှစ်သစ်တွင် မိမိတို့မျှော်မှန်းထားသည့်အတိုင်း စစ်အာဏာရှင် စနစ်ဆိုးကြီး ဆက်လက်အမြစ်မတွယ်ရေးနှင့် ပြည်သူလူထု၏ စိတ်ဆန္ဒပြည့်ဝရေးတို့အတွက် ဆက်လက် တိုက်ပွဲဝင်သွားရအုံးမည် ဖြစ်သည်။
မိမိတို့အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးအရ အရေးပါသည့် ပစ်မှတ်များနှင့် ပြည်သူလူထုအား နှစ်ရှည်လများ ဖိနှိပ်ဗိုလ်ကျ၍ အနိုင်ကျင့်သတ်ဖြတ်နေသော ရန်သူ့စခန်းများကိုလည်း နှစ်သစ်ကူးအကြိုနေ့ထိ မရပ်မနားဆက်လက် ချေမှုန်းလျက်ရှိကာ လာမည့်နှစ်သစ်တွင်လည်း ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသော ရည်မှန်းချက်၊ မျှော်လင့်ချက်ရောင်ခြည်များကို တောက်ပအသက်ဝင်သွားအောင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။
နှစ်ဟောင်းကုန်ဆုံးတော့မည့် နှစ်တစ်နှစ်၏ နောက်ဆုံးနေ့တွင်လည်း မိမိတို့နှင့် စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲများမှာ အောက်ပါနေရာများ၌ ဆက်လက်ရှိနေခဲ့သည်။
(၁) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့၌ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ မိုင်းငေါ့မြို့နယ်ရှိ စစ်ကောင်စီ၏ “မိုင်းငေါ့တပ်စခန်း” မှ တပ်ဖွဲ့ဝင်များနှင့်လည်းကောင်း၊ တပ်မဟာ (၅) စစ်ဒေသ၊ ကွတ်ခိုင်မြိို့နယ်ရှိ စစ်ကောင်စီ၏ “ကွတ်ခိုင်တပ်စခန်း” မှ တပ်ဖွဲ့ဝင်များနှင့်လည်းကောင်း တအာင်းတပ်မတော် (TNLA) တို့သည် ထိတွေ့တိုက်ပွဲများဖြစ်ပွား ခဲ့သည်။
(၂) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် တအာင်းပြည်နယ်၊ စစ်ကောင်စီ၏ “မိုင်းငေါ့တပ်စခန်း” မှ ချုံးသစ်ကျေးရွာ နှင့် ချုံးဟောင်းကျေးရွာအနီးတစ်ဝိုက်သို့ Y12 လေယာဉ်ဖြင့် (၁၇) ကြိမ်၊ ဗုံး (၇၄) လုံး လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ အလားတူပင် မိုင်းငေါ့မြို့အတွင်းသို့လည်း ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် လာရောက်ပစ်ခတ်ခဲ့၍ မိုင်းငေါ့မြို့၊ မန်တုံ ရပ်ကွက်နှင့် စျေးရပ်ကွက်ရှိ နေအိမ် (၃) လုံးမှာလည်း လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်ပျက်စီးခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ “ကွတ်ခိုင်တပ်စခန်း” မှ ပန်ဆေးကျေးရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် (၄) ကြိမ်၊ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မိုင်းငေါ့မြို့နယ်သို့ လက်နက်ကြီးဖြင့် (၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
(၃) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့၊ နေ့လယ် (၁) နာရီ (၃၀) မိနစ်ခန့်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့၌ မည်သည့် တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်သည် မြို့ပတ်ဝန်းကျင်နှင့် အနီးအနား ကျေးရွာ များသို့ တမင်တကာလာရောက်ကာ လက်နက်ကြီး၊ ငယ်များဖြင့် အကြမ်းဖက်ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့သကဲ့သို့ တစ်ချိန်တည်း၌ပင် မင်းပြားအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှလည်း အရပ်သားပြည်သူများအား ကြောက်ရွံ့ ထိတ်လန့်စေရန် လက်နက်ကြီးများဖြင့် တမင်တကာ အကြောင်းမဲ့ပစ်ခတ်ခဲ့သည်။
(၄) ယနေ့ နံနက် (၁၀) နာရီဝန်းကျင်တွင် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့၊ ဓမ္မာရုံအရှေ့တွင် စခန်းချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ငယ်များဖြင့် ရမ်းကားပစ်ခတ်ခဲ့ရာ အမှတ် (၂) ရပ်ကွက်၊ အိုးဖိုစုမှ ဒေသခံ အမျိုးသား (၁) ဦး၏ ပုခုံး၌ ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။
(၅) ယမန်နေ့နှင့် ယနေ့တွင်လည်း ပလက်ဝဒေသ၊ ချင်းလက်ဝ (အောက်) ကျေးရွာအနီးပတ်ဝန်းကျင်တွင် ရက္ခိုင့် တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။
(၆) ယနေ့တွင် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာမှ အရပ်သား ပြည်သူများနေထိုင်ရာ နေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သကဲ့သို့ ရက္ခိုင့်တပ်တော် (AA) ရှိရာနေရာသို့လည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
(၇) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့၊ ညနေ (၄) နာရီခန့်က ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း မည်သည့် တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ် “စကခ (၁၅)” နှင့် ၎င်းတပ်မလက်အောက်ခံ “ခမရ (၅၆၃)” တပ်ရင်းများမှ ပြင်ရှည်ကျေးရွာနှင့် အနီးအနားကျေးရွာများသို့ (၈၁) မမ လက်နက်ကြီးများဖြင့် (၁၀) ကြိမ် ထက်မနည်း ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ပြင်ရှည်ကျေးရွာအတွင်းရှိ ကျေးရွာသား တစ်ဦးပိုင် မွေးမြူရေးခြံအတွင်း သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့၍ နွား (၂) ကောင် သေဆုံးခဲ့ရကာ နောက်ထပ်နွား (၂) ကောင်မှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
တစ်ရက်တည်းမှာပင် ည (၈) နာရီအချိန်ခန့်တွင်လည်း ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ် “စကခ (၁၅)” နှင့် ၎င်းတပ်မလက်အောက်ခံ “ခမရ (၅၆၃)” တပ်ရင်းများမှ ပြင်ရှည်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပြင်ရှည်ကျေးရွာတွင်း၌ လက်နက်ကြီးကျည် (၆) လုံး၊ ရွာဘုန်းကြီးကျောင်းဆောင်တွင် (၁) လုံးနှင့် ကျေးရွာအပြင် ဘက်တွင်လည်း (၁) လုံး စသဖြင့် အသီးသီးကျရောက်ပေါက်ကွဲခဲ့ရာ ဘုန်းကြီးကျောင်းဆောင်တွင်း ကျရောက်ပေါက်ကွဲ ခဲ့သည့် လက်နက်ကြီးကျည်ကြောင့် အဆိုပါအဆောင်တွင်းရှိ အသက် (၅၈) နှစ်အရွယ် ဒေသခံသက်ကြီးပိုင်းအမျိုးသား (၃) ဦး ၏ ညာဘက်တံတောင်ဆစ်၌ လက်နက်ကြီးစ ထိမှန်၍ နစ်ဝင်သွားခဲ့သည်။ အလားတူပင် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဆောင်အပါအဝင် နေအိမ်အချို့မှာ ထိခိုက်ပျက်စီးခဲ့ရသည်။
(၈) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ နံနက် (၁၀) နာရီဝန်းကျင်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ အသက် (၄၅) နှစ်အရွယ် ဒေသခံစစ်ရှောင်အမျိုးသားတစ်ဦးအား မဟာမုနိလေယာဉ် ကွင်းအနီးရှိ စပါးခင်း၌ စပါးအငှားရိတ်နေစဉ် အကြမ်းဖက်စစ်ကောင်စီ၏ “ခလရ (၃၇၆) တပ်ရင်း” မှ တပ်ဖွဲ့ဝင်များမှ ကြိုးတုပ်ရိုက်နှက်ကာ အင်အားသုံးဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
(၉) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ညအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် ကိုးကန့်ဒေသ၊ တာရွှေထန်သို့ အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထားသည့် ဓာတုအဆိပ်ဗုံးများဖြင့် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအရပ်သား (၁၀) ဦး အဆိပ်မိခဲ့ပြီး ၎င်းတို့အနက် ကလေးငယ် (၂) ဦး သေဆုံးခဲ့ရ သည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA
Leave a Reply