ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာအတွင်းကို စစ်တပ်က အိမ်စီးကား ၁၀ စီးကျော်ဖြင့် ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာအတွင်းကို စစ်တပ်က အိမ်စီးကား ၁၀ စီးကျော်ဖြင့် ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ပြည်သူ ၇ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဇန်နဝါရီ ၂

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနအိမ်ရာအတွင်းကို အကြမ်းဖက် စစ်တပ်က အိမ်စီးကား ၁၀ စီးကျော်ဖြင့် ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ပြည်သူ ၇ ဦးကို ဖမ်း ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် ယုဇန A 7 လမ်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အရပ်ဝတ်၊ အိမ်စီးကားများဖြင့် စတင် ဝင်ရောက်၍ ဆီထမင်းဆိုင်မှ အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားကြောင်း၊ ယုဇန B 2 လမ်းသို့လည်း သေနတ်တစ်ချက်ပစ်ဖောက်၍ အိမ်စီးကား ၄ စီးဖြင့် ဝင်ရောက်လာပြီး လူငယ် အမျိုးသား ၂ ဦးနှင့် ယုဇန B 5 လမ်းမှ အရက်လာဝယ်သည့် သက်ကြီးပိုင်းအမျိုးသား ၁ ဦးကိုလည်း လက်ပြန်တုတ်ကာ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ပြင် ယုဇန B1 လမ်းရှိ လွင်အကျိုးဆောင်အပေါ်ထပ်နေ အမျိုးသား ၁ ဦးနှင့် လမ်းတွင်းမှအမျိုးသမီး ၂ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ယုဇန အိမ်ရာဝင်းအတွင်းသို့ အိမ်စီးကားအမည်း ၁၀ စီးကျော်နှင့် ပြည်သူများကို ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကာ လူငယ် တစ်ဦးကို ကားအတွင်း ထိုးကြိတ်သွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

ဖမ်းဆီးခံရသူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို အတည်မပြုနိုင်သေးဘဲ ပျူစောထီးများနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပူးပေါင်း ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *