ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေးရှိ စစ်တပ်စခန်းကို TNLA နှင့် PDF ဝင်တိုက်

ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေး သံဘိုကျေးရွာရှိ စစ်တပ်ကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဝင်တိုက်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် သုံးကြိမ်လာပစ်ကြောင်း စခန်းရရှိရေး ဆက်တိုက်နေဆဲဖြစ်ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ရုံး တာဝန်ခံက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF – မန္တလေး) နှင့်အတူ ယမန်နေ့ (ဇန်နဝါရီ ၂) နံနက်ပိုင်းကတည်းက ဝင်ရောက်တိုက်ခိုက်နေသည်ဟု တအာင်းတပ် (TNLA) ထံမှ သိရသည်။

ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေး သံဘိုကျေးရွာရှိ စစ်တပ်ကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဝင်တိုက်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် သုံးကြိမ်လာပစ်ကြောင်း စခန်းရရှိရေး ဆက်တိုက်နေဆဲဖြစ်ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ရုံး တာဝန်ခံက ပြောသည်။

“သံဘိုရွာမှာ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုရှိတာပေါ့။ တိုက်ပွဲက…ဖြစ်နေတုန်းပါ။ စခန်းကို ဆက်လက်တိုက်ခိုက်နေတုန်းပါပဲ” ဟု ယင်းတာဝန်ခံက ယနေ့ ပြောသည်။

သံဘိုရွာရှိ စစ်တပ်စခန်းက ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် အမြဲလိုလို ပစ်ခတ်နေပြီး နိုဝင်ဘာလလယ်ပိုင်းက ထိုစခန်းမှ ပစ်ခတ်မှုကြောင့် မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ ဇီးဖြူရေရွာအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၁ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA သည် “ ၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်တွင် MDY-PDF နှင့် ပူးပေါင်းကာ စစ်ကောင်စီ၏ ထောက်ပို့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်းအဝင် နောင်ချိုင်မြို့နယ်အတွင်း တိုက်ပွဲများဖော်ဆောင်ခဲ့သည်။

နောင်ချိုနှင့် နယ်မြေချင်းထိစပ်နေသော မန္တလေးတိုင်း မိုးကုတ်နှင့် မတ္တရာမြို့နယ်တို့တွင် TNLA က စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ MDY-PDF အပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) တို့လည်း ပါဝင်တိုက်ခိုက်နေသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့ ၆ မြို့အပါအဝင် စစ်တပ်စခန်း အမြောက်အမြားကို TNLA က သိမ်းပိုက်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ လာရှိုး-မူဆယ် ကားလမ်းပေါ်ရှိ အချက်အချာကျ ကွတ်ခိုင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့များက ထိုးစစ်ဆင်နေသည့်အပြင် ကွတ်ခိုင်မြို့မှအထွက် နမ့်ဖက်ကာရွာအနီးတွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်တပ်စခန်းများကို သိမ်းနိုင်ရန် တိုက်ခိုက်နေသည်။

စခန်းများနှင့် မြို့များ လက်လွတ်ဆုံးရှုံးထားသည့် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေရာ ဒေသခံ ထိခိုက်သေဆုံးမှု မြင့်တက်နေသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၏ စာရင်းအရ အောက်တိုဘာနောက်ဆုံးပတ်မှ ဒီဇင်ဘာ ၂၇ အထိ ရှမ်းမြောက်ဒေသတွင် ကလေး ၂၈ ဦးနှင့် အမျိုးသမီး ၃၆ ဦးအပါအဝင် အရပ်သား ၁၂၃ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃၉ ဦး ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *