ကေအဲန်ယူအုပ်ချုပ်နယ်မြေများတွင် ၂၀၂၃ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲ ၄၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀၀၀ ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲပေါင်း ၄၆၂၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း လေးထောင်ကျော်အတွင်း စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲ နှင့် ဒရုန်းစစ်ဆင်ရေးတို့ပါဝင်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ၊ အရာခံများအပါအဝင် ၅၀၀၅ ဦးသေဆုံးခဲ့ပြီး ၃၃၄၅ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

“စစ်ရေးအရအောင်ပွဲနဲ့ ကျွန်တော်တို့ရင်ဆိုင်လာရတဲ့အခါ အောင်ပွဲနဲ့ထပ်ကြပ်မကွာလိုက်လာတာကအုပ်ချုပ်‌ရေးပဲဖြစ်ပါတယ်။ တိုင်းပြည်ဒေသအသီးသီးကို မြို့ရွာအသီးသီးကို တည်တည်ငြိမ်ငြိမ်အုပ်ချုပ်နိုင်ရေးအတွက်လည်း ကျွန်တော်တို့ သေချာစဉ်းစားထားပြီး ရှေ့ဆက်ပြီးဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ နိုင်ငံတကာကိုရော ပြည်သူကိုရော အထူးသဖြင့် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို ပိုင်ပိုင်နိုင်န်ိုင်နဲ့ တည်တည်ငြိမ်ငြိမ်လုပ်ဆောင်သွားမယ်ဆိုတာ အာမခံချက်ပေးချင်ပါတယ်။ စစ်တပ်ကကျူးလွန်ခဲ့တဲ့အမှုကြီး၊ အမှုငယ်အားလုံကို တာဝန်ခံတဲ့ အသွင်ကူးပြောင်ရေးကာလ တရားမျှတမှုကို လက်ခံရပါမယ်” ဟု ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နှစ်သစ်ကူးသတင်းစကားတွင်ထည့်သွင်း ပြောဆိုထားသည်။

ထို့ပြင် နှစ်ဖက်တိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁၅၄ ဦး ကျဆုံးခဲ့ရပြီး ၅၉၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် တိုက်ပွဲများတွင် အဖက်ဖက်မှ ရှုံးနိမ့်လာသည့်အတွက် ဒေသခံပြည်သူများအပေါ် လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို တိုးမြှင့်လုပ်ဆောင်လာသည့်အတွက် ကော်သူးလေအုပ်ချုပ် နယ်မြေတွင် သုံး နှစ်တာကာလအတွင်း စစ်ဘေးရှောင်ခုနှစ်သိန်းငါးသောင်းကျော် အထိရှိလာပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top